မဲခေါင်၊ ဇူလိုင် ၂၅
ယာဉ်တိုက်မှုများ ဖြစ်ပွားလေ့ရှိသည့် တောင်ကြီးမြို့နယ်၊ ပင်စုံရွာအနီးတွင် ဇူလိုင် ၂၄ ရက်နေ့၊ နံနက် ၁၀နာရီခန့်က တွဲကားနှင့် ဆိုင်ကယ် ယာဥ်တိုက်မှု ထပ်မံဖြစ်ပွားပြီး လူတစ်ဦးသေဆုံးကာ ၂ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ကက္ကူဘုရားသွားလမ်း၊ ပင်စုံရွာအနီးတွင် ယာဉ်တိုက်ခြင်းဖြစ်ပြီး ယင်းနေရာမှာ လမ်းအဆင်းကျောရှည်ပြီး လမ်းချောသည့်အတွက် ယာဉ်ကြီးများ သတိပြုဖို့လိုသည့် နေရာဖြစ်ကြောင်း တောင်ကြီးမြို့နယ် ကုန်တင်ကားကြီးယာဥ်မောင်းတစ်ဦးက မဲခေါင်သို့ပြောသည်။
“အရင်ဖြစ်တဲ့ ပင်စုံနားက နေရာပဲ။ လမ်းက ကပ်ကွေ့ပြီးတော့ လမ်းအဆင်းကျောရှည်ပြီး လမ်းချောတာ။ အရှိန်များတာတွေကြောင့်ဖြစ်ရတာ။ ကားကြီးတွေ သတိမူဖို့လိုမယ်” ဟု ၎င်းကပြောသည်။
ယခုဖြစ်ရပ်ကြောင့် နမ်းသြရွာမှ ဆိုင်ကယ်မောင်းနှင်သူ အမျိုးသမီးတစ်ဦး သေဆုံးပြီး တွဲကားယာဥ်မောင်းနှင့် စပယ်ယာတို့ ၂ဦး ဒဏ်ရာရရှိကြောင်း သိရသည်။
ယင်းနေရာတွင်ပင် လွန်ခဲ့သည့် ဇူလိုင် ၁၅ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်ခန့်ကလည်း အလားတူ တွဲကားနှင့် ဆိုင်ကယ် တိုက်မှုဖြစ်ပွားပြီး ဆိုင်ကယ်စီးသူ ထီရီးတောင်ရွာမှ ၂ဦး နှင့်စပယ်ယာ တစ်ဦး တို့ ၃ဦး သေဆုံးရပြီး တွဲကား ယာဥ်မောင်းမှာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့သေးသည်။
ယင်းနေရာတွင် ၁၀ရက်အတွင်း ယာဥ်တိုက်မှု ၂ကြိမ် ဖြစ်ပွားခဲ့ရာ သတိမမူပါက ထပ်မံဖြစ်ပွားနိုင်သဖြင့် သတိပေးဆိုင်းဘုတ်များကို မြင်သာစွာ စိုက်ထူထားသင့်ကြောင်း ကုန်ကားသမားများနှင့်ဒေသခံ များက လမ်းဌာနကို အကြံပြုထားသည်။
မဟာ
#MeKongNews
#ပင်စုံရွာ
#တောင်ကြီးမြို့နယ်
#ယာဉ်တိုက်မှု
#သေဆုံး








