မဲခေါင်၊ အောက်တိုဘာ ၂၆
ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရေသပြေ စစ်ဆေးရေးဂိတ်အနီးတွင် ယမန်နေ့ အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းက PNO အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး တစ်ဦး သေဆုံးခဲ့သလို ယင်းဖြစ်စဉ်နှင့် ဆက်စပ်သည့် ကျေးရွာအနီးတွင် အမျိုးသမီးငယ် ၂ ဦးလည်း သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
နန်းဟောင်းကျေးရွာအုပ်စု၊ ဘန့်ကွဲကျေးရွာရှိ ရေသပြေ စစ်ဆေးရေးဂိတ်တွင် တာဝန်ကျနေသည့် PNO တပ်ဖွဲ့ဝင် ၂ ဦးသည် အောက်တိုဘာ ၂၆ ရက် နံနက် ၅ နာရီခန့်က စကားများရန်ဖြစ်ရာမှ တပ်သား ခွန်သူရမင်းက ခွန်ညွန့်ဝင်းကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး သေနတ်ယူဆောင်ကာ ထွက်ပြေးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ထွက်ပြေးသွားသည့် ခွန်သူရမင်းကို ညနေ ၇ နာရီခွဲခန့်တွင် PNO ပြည်သူ့စစ်များက လိုက်လံရှာဖွေ ဖမ်းဆီးခဲ့ရာ အဖမ်းမခံဘဲ ပြန်လည်ခုခံ ပစ်ခတ်သဖြင့် ပစ်ခတ်ဖမ်းဆီးရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။
တစ်ဖက်တွင်လည်း ယင်းပစ်ခတ်မှုဖြစ်ပွားသည့် ကျေးရွာအနီးရှိ ကောင်းမှုစဉ်ကျေးရွာတွင် ယမန်နေ့ အောက်တိုဘာ ၂၆ ရက် နေ့လယ်ပိုင်းက အမျိုးသမီးငယ် ၂ ဦးကို သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။
သေဆုံးသူများမှာ အသက် ၁၉ နှစ်အရွယ် မနန်းအောင်ပေါ်နှင့် အသက် ၁၅ နှစ်အရွယ် မနန်းဟွမ်နိုးတို့ဖြစ်ပြီး နှစ်ဦးစလုံးမှာ ဦးခေါင်းတွင် ကျည်ဖောက်ဝင်၊ ဖောက်ထွက်ဒဏ်ရာများ ရရှိထားကြောင်း သိရသည်။
တာဝန်ရှိသူများ၏ ပြောဆိုချက်အရ ရေသပြေဂိတ်ရှိ PNO ပြည်သူ့စစ်တပ်သား ၂ ဦးအကြား ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုနှင့် အမျိုးသမီးငယ် ၂ ဦး သေဆုံးမှုမှာ သီးခြားဖြစ်စဉ်များဖြစ်ပြီး အမျိုးသမီးငယ် ၂ ဦး သေဆုံးမှုနှင့် ပတ်သက်၍ ပစ်ခတ်သတ်ဖြတ်သူကို ဖော်ထုတ်နိုင်ရန် စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်များနှင့် ပတ်သက်၍ တောင်ကြီးနယ်မြေရဲစခန်းတွင် အမှုဖွင့်ကာ စုံစမ်းစစ်ဆေးမှုများ ဆက်လက် ပြုလုပ်နေကြောင်း သိရသည်။
#MeKongNews
#တောင်ကြီး
#ရေသပြေဂိတ်
#PNO
#အချင်းချင်းပစ်ခတ်မှု
#သေနတ်ဒဏ်ရာဖြင့်သေဆုံးမှု








