မဲခေါင်၊ မေ ၇
ရှမ်းပြည်တောင်ပိုင်း၊ အင်းလေးဒေသတွင် ယခုနှစ်အတွင်း ကြံစိုက်ပျိုးမှု ယခင်နှစ်များထက် ပိုမိုများပြားလာကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
တောင်သူများ၏ ပြောကြားချက်အရ ပြည်တွင်းသကြားဈေးနှုန်း မြင့်တက်နေခြင်းနှင့် ကြံဈေးကွက် အလားအလာ ကောင်းမွန်လာခြင်းကြောင့် ယခုနှစ်တွင် ကြံစိုက်ပျိုးရန် စိတ်ဝင်စားသူများ ပိုမိုများပြားလာကြောင်း သိရသည်။
တချိန်က အင်းလေးဒေသတွင် ကြံစိုက်ပျိုးရေးသည် ဒေသတွင်း အဓိကဝင်ငွေ ရရှိစေသော လုပ်ငန်းတစ်ခု ဖြစ်ခဲ့သော်လည်း နောက်ပိုင်းနှစ်များတွင် ကုန်ကျစရိတ်မြင့်တက်မှု၊ လုပ်သားရှားပါးမှုနှင့် ဈေးကွက် မတည်ငြိမ်မှုများကြောင့် စိုက်ပျိုးမှု လျော့နည်းလာခဲ့သည်။
သို့သော် ယခုနှစ်တွင် ကြံစိုက်ပျိုးခြင်းမှ အကျိုးအမြတ် ရရှိနိုင်မည်ဟု မျှော်မှန်းထားကြသဖြင့် တောင်သူအချို့မှာ ယခင်စိုက်ဧရိယာများကို ပြန်လည်တိုးချဲ့လာကြောင်း သိရသည်။
“အရင်နှစ်တွေက မစိုက်တော့ဘူး။ ဒီနှစ်တော့ ကြံဈေးကောင်းမယ်လို့ မျှော်လင့်လို့ ပြန်စိုက်ကြတာ များလာတယ်”ဟု အင်းလေးဒေသမှ တောင်သူတစ်ဦးက ပြောသည်။
လက်ရှိတွင် တောင်သူများသည် ရိုးရာစိုက်ပျိုးနည်းများအပြင် ခေတ်မီ ပျိုးထောင်နည်းစနစ်များကိုလည်း စတင် အသုံးပြုလာကြပြီး အပင်ပေါက်နှုန်း မြင့်မားစေရန်နှင့် အထွက်နှုန်း ကောင်းမွန်စေရန် ကြိုးပမ်းနေကြောင်း သိရသည်။
“ကြံက ရေကောင်း၊ မြေကောင်းနဲ့ စနစ်တကျစိုက်နိုင်ရင် အကျိုးအမြတ်ရှိတဲ့ သီးနှံတစ်မျိုးပါ” ဟု ဒေသခံတောင်သူတစ်ဦးက ဆိုသည်။
တောင်သူများအနေဖြင့် ရာသီဥတုအခြေအနေ၊ ရေလိုအပ်ချက်နှင့် သကြားဈေးကွက် အပြောင်းအလဲများကို စောင့်ကြည့်ကာ စိုက်ပျိုးရန် လိုအပ်ကြောင်းလည်း သိရသည်။
ယခုနှစ် ကြံစိုက်ပျိုးမှု တိုးလာခြင်းသည် အင်းလေးဒေသ စိုက်ပျိုးရေးကဏ္ဍ ပြန်လည် လှုပ်ရှားလာသည့် လက္ခဏာတစ်ရပ်အဖြစ် မြင်တွေ့ရကြောင်း ဒေသခံများက ပြောကြားထားသည်။
#MeKongNews
#အင်းလေးဒေသ
#ယခုနှစ်
#ကြံစိုက်ပျိုးမှု
#ပိုများလာ








