မဲခေါင်၊ ဇွန် ၁၆
အစ္စရေးနှင့် အပြန်အလှန်တိုက်ခိုက်မှု ၄ ရက်မြောက်တွင် အီရန်သမ္မတ မာဆွတ်ပီဇက်ခီယန်က အီရန် လွှတ်တော်အစည်းအဝေး၌ မိမိတို့နိုင်ငံသည် နျူကလီးယားလက်နက်များကို အဆင့်မြှင့်တင်ကာ ပိုင်ဆိုင်လိုစိတ်မရှိဘဲ ပြည်သူ့အကျိုးစီးပွားအတွက် နျူကလီးယားစွမ်းအင်ကိုသာ အလိုရှိခြင်းဖြစ်သည် ဟု ထုတ်ဖော်ပြောဆိုသွားခဲ့သည်။
၂၀၁၈ တွင် ဒေါ်နယ်ထရမ့်သည် ပထမအကြိမ် သမ္မတသက်တမ်းအတွင်း အီရန်နှင့် နျူကလီးယား အရေး ဆွေးနွေးမှုများကိုရပ်ဆိုင်းလိုက်ပြီး အီရန်သည် ယူရေနီယံကြွယ်၀မှုလွန်စွာမြင့်တက်လာ နေခြင်းမှာ နျူကလီးယားလက်နက်များ အဆင့်မြှင့်တင်ထုတ်လုပ်နေခြင်းသာဖြစ်သည်ဟု စွပ်စွဲခဲ့သည်။
ယခုတစ်ဖန် ဧပြီလနောက်ပိုင်း အမေရိကန်နှင့်အီရန်တို့ နျူကလီးယားပရိုဂရမ်အတွက် ၅ ကြိမ် မြောက်ဆွေးနွေးခဲ့ပြီးဖြစ်ကာ ဇွန် ၁၆ ရက်နေ့ ၆ ကြိမ်မြောက်ဆွေးနွေးပွဲမှာမူ အစ္စရေးနှင့် တိုက်ခိုက် နေခြင်းကြောင့် အထမမြောက်တော့ပေ။
ထိုအခြေအနေ၌ အီရန်သမ္မတ မာဆွတ်ပီဇက်ခီယန်က အစ္စရေး၊ အမေရိကန်နှင့်အနောက်မဟာမိတ် နိုင်ငံများက မိမိတို့ အီရန်၏ ယူရေနီယံအဆင့်မြှင့်တင်နေမှုအပေါ် နျူကလီးယားလက်နက်ပိုင်ဆိုင်လို စိတ်ဖြင့် အဆင့်မြှင့်တင်နေခြင်းဟု မဟုတ်မမှန်စွပ်စွဲနေကြခြင်းသာဖြစ်ကာ ကုလသမဂ္ဂ စုံစမ်းရေး အဖွဲ့များကပင် ထိုစွပ်စွဲမှုများအတွက် သက်သေမရှိဟု အတည်ပြုခဲ့ပြီးဖြစ်ကြောင်း၊ မိမိတို့ အလိုရှိသည်မှာ နျူကလီးယားလက်နက်မဟုတ်ဘဲ ပြည်သူအကျိုးစီးပွားရည်ရွယ်ချက်သက်သက်ဖြင့် နျူကလီးယားစွမ်းအင်သာ ထုတ်လုပ်လိုရင်းဖြစ်ကြောင်း၊ နျူကလီးယားစွမ်းအင် ထုတ်လုပ်မှုတွင် မည်သူကမျှ တားဆီးပိုင်ခွင့်မရှိဟု လွှတ်တော်တွင်း ပြောဆိုသွားခဲ့ခြင်းဖြစ်သည်။
ကိုကလင်း
Ref: thenationalnews
#အီရန်
#အစ္စရေး
#နျူကလီးယား
#ယူရေနီယံ








