မဲခေါင်၊ မေ ၃၀
ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် မြို့နယ်မြေစာရင်း စာရေးဦးခိုင်မင်းဦးနှင့် မြို့နယ်ထွေအုပ်မှ ဒေါ်နန်းဆီဖောင်းတို့ ပူပေါင်းပီး လာဘ်ငွေရယူကာ မြေဂရံအတု ပြုလုပ်ပေးခြင်း၊ အိမ်တစ်အိမ်ထဲကို မြေဂရံနာမည်ပေါက် ၂မျိုးထုတ်ပေး
ခြင်း၊ လယ်ယာမြေများကိုလည်း ပုံစံ ၁၀၅ပြုလုပ်ပေးသည်များ ရှိနေကြောင်း ဒေသံခံများထံမှ သိရသည်။
မြေကွက်များပေါက်ဈေးပေါ် မူတည်၍ ကျပ်သိန်း ၃၀၀မှ ကျပ်သိန်း ၅၀၀အထိ ရယူပြီး ယင်းသို့ပြုလုပ်ပေးခြင်းဖြစ်ကြောင်း၊ ဌာနဆိုင်ရာ လူကြီးလက် မှတ်များကိုပင် အလွဲသုံးစားပြုလုပ်ကာ လုပ်ပေးကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
“ကျိုင်းတုံဘက်က တိုင်းရင်းသားတော်တော်များများက ရုံးပိုင်းဆို သိပ်နားမလည်တော့ သူတို့က စာရွက်စာတမ်းအတုတွေ၊ အရောင်း၀ယ်စာချုပ်အတုတွေနဲ့ မြေဂရံ၊ အိမ်ဂရံတွေ လုပ်ပေးပါတယ်။ ငွေပေးရင် ပေးနိုင်သလို ဘာမဆို ဖြစ်ပါတယ်။ တရားတာ၊ မတရားတာ၊ မှန်တာ၊ မမှန်တာက သူတို့နဲ့မဆိုင်ဘူး။ တရားရုံးက တရားမမှု တော်တော်များများလဲ ခိုင်မင်းဦးနှင့်နန်းဆီဖောင်းတို့ လက်ချက်ပါဘဲ။ တရားမမှုကိုင်တဲ့ရှေ့နေတွေတောင် ဒီအိမ်ယာမြေနဲ့အမှုဖြစ်ရင် ခိုင်မင်းဦးနဲ့ ဆီဖောင်း တို့ လက်ချက်မလားဆိုတာ တန်းမေးပါတယ်”ဟု ၎င်းကပြောသည်။
ကျိုင်းတုံမြို့နယ်မြေစာရင်း စာရေးခိုင်မင်းဦးမှာ မြေဂရံကိစ္စတစ်ခုနှင့် ပတ်သက်ပြီး ကျပ်သိန်း ၅၀၀ ခန့်ပေးခဲ့ရဖူးကြောင်း ကိုယ်တိုင်ကြုံတွေခဲ့သူနှင့် နီးစပ်သူတစ်ဦးကလည်း ပြောသည်။
“ရုံးသွားရင်လဲ လူကိုအော်လား ဟစ်လားနဲ့ပြောတယ်။ ဟိုလွတ်လိုက် ဒီလွတ်လိုက်နဲ့၊ သေချာရေရာ မပြောဘူး။ သူတို့ကို အလုပ်မအပ်မချင်း အချိန်ဆွဲတတ်ပါတယ်။ လူကြီးလုပ်ကျွေးနေရတဲ့ သူတွေဆိုတော့ တခုခုဆို သူတို့က မထိဘူး။ ပိုင်ရှင်နဲ့ မြေဂရံတု ကိုင်ထားတဲ့သူတွေဘဲ တရားရုံးရောက်ကြရတာပေါ့။ သူတို့ကတော့ ငွေရပြီးရော အကုန်လုပ်ပေးတယ်။ တရားရုံးရောက်ရင်လည်း ၀န်ထမ်းဆိုတော့ ရှောင်နည်း လွတ်နည်းတွေနဲ့ ရှောင်ကြတာပေါ့” ဟု ၎င်းကပြောသည်။
ကျိုင်းတုံတွင် အဂတိ တိုက်ဖျက်ရေး အစည်းအဝေးများ ကျင်းပနေသော်လည်း ၎င်းတို့၂ဦးမှာမူ အပြောင်းခံရသည်၊ အတိုင်ခံရသည် မရှိကြောင်း ဒေသခံများကပြောသည်။
#MeKongNews
#ကျိုင်းတုံ
#မြေစာရင်း
#ခိုင်မင်းဦး
#မြေဂရံ








