MK- လက်ရှိ ထုတ်ပြန်ချက်ကို ထုတ်လိုက်တာဟာ အဓိကက ဘာကြောင့်ဖြစ်မလဲ။
RCSS- ထုတ်ပြန်ကမ်းလှမ်းတာက အခုမှ မဟုတ်ဘူး။ အရင်တုန်းကလည်း ထုတ်ပြန်ကမ်းလှမ်းတာ အကြိမ်ကြိမ်ရှိခဲ့တယ်။ မနှစ် ဖေဖော်ဝါရီ (၇)ရက်တုန်းကလည်း ထုတ်ပြန်ခဲ့တာတွေ ရှိတယ်။ ဒီတခေါက် ရည်ရွယ်ချက်ကကျ ရှမ်းပြည်အတွင်းမှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း ပဋိပက္ခလျော့နိုင်ရေး၊ စစ်ရေးတင်းမာလာတာတွေ၊ သတင်းစီးဆင်းမှုလိုင်းတွေ အားနည်းတာကို တွေ့ရှိရတယ်။ ဒါကြောင့် မျက်နှာချင်းဆိုင် တွေ့ဆုံနိုင်ရင် သတင်းတွေ ဖလှယ်နိုင်မယ်။ နားလည်မှု ရှိလာနိုင်မယ်။ တင်းမာနေတဲ့ စစ်ရေးပဋိပက္ခတွေကို ဖြေလျော့နိုင်မယ်။ စစ်ရေးတင်းမာနေတဲ့ကြားထဲမှာ ညှပ်နေတဲ့ ပြည်သူလူထုတွေ ဒုက္ခရောက်နေတယ်။ ကာလရှည် စစ်ရေးတင်းမာလာရင် ပြည်သူလူထုတွေက နေရပ်စွန့်ခွာ စစ်ဘေးရှောင်ရတယ်။ တချို့တွေဆို ထိုင်းဘက်ကို ကူးလာရတယ်။ ကျနော်တို့ရရှိလာတဲ့ အချက်အလက်အရ ထိုင်းနယ်စပ်မှာဆို တစ်နှစ်တနှစ်ဆို ရာချီရှိတာပေါ့။ နောက်ဆို သောင်းချီရှိလာတာပေါ့။ ရှမ်းတောင်မှာဆိုရင် ရွာပျက်သွားတဲ့အနေထားတွေ ရှိလာတယ်။ ဒါဟာ စစ်ရေးတင်းမာမှုရဲ့ တွဲဘက်ပြီးဖြစ်လာတဲ့ သက်ရောက်မှုတွေပေါ့။ ဒါကြောင့် ဒီနှစ်ချက်ကို ဖြေရှင်းဖို့အတွက် ထုတ်ပြန်ကမ်းလှမ်းတာဖြစ်တယ်။
MK – အချိန်ကာလက အောက်တိုဘာ ၁၀ ရက်ကနေ လာမယ့်နှစ် ဖေဖော်ဝါရီ ၁၀ ရက်အထိ သတ်မှတ်ထားတယ်။ အချိန်အတိုင်းတာကရော ဘယ်လိုပေါ်မူတည်ပြီး သတ်မှတ်တာလဲ။
RCSS – အချိန်ကာလသတ်မှတ်တာကတော့ လုပ်ထုံးလုပ်နည်းအတိုင်းပါ။ ထုတ်ပြန်ချက်ဆိုတာ အစကနေ အဆုံးဆိုတာရှိရမှာလေ။ လေးလအတွင်းဘဲ ဆိုလိုတာတော့ မဟုတ်ဘူး။ ရလဒ်ကိုကြည့်ပြီး ထပ်တိုးဖို့ လိုတယ်ဆိုရင် ထပ်ထုတ်ပြန်သွားမှာပါ။
MK – ဆွေးနွေးတဲ့အခါမှာရော သတ်မှတ်ချက်တွေရှိလား။ ဥပမာ- ဘယ်လိုအဖွဲ့စည်းမျိုး ဖြစ်ရမယ်ဆိုတဲ့ သတ်မှတ်ချက်ပေါ့။ တွေ့ဆုံဖို့ ကမ်းလှမ်းလာတဲ့ အဖွဲ့မဆိုလား။
RCSS – အဓိကကတော့ ရှမ်းပြည်အတွင်းမှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ ဆိုလိုတာဖြစ်တယ်။ လက်နက်ကိုင်ဆိုတာကလည်း စစ်ရေးပဋိပက္ခပါဝင်ပတ်သက်နေတဲ့ အဖွဲ့အစည်းကို ဆိုလိုတာပေါ့။
MK – ရှမ်းပြည်က တိုင်းရင်းသားလက်နက်ကိုင်တွေမှာဆို နိုင်ငံရေး အယူဝါဒမတူတဲ့သူတွေ၊ နိုင်ငံရေး ခံယူချက်မတူတဲ့သူတွေရှိတယ်။ အဲ့တော့ RCSS အနေနဲ့က ငြိမ်းချမ်းရေးအတွက် ဆွေးနွေးတဲ့အခါမှာ ဘယ်လိုမူဝါဒမျိုးကို ကိုင်ဆွဲပြီးတော့ ဆွေးနွေးသွားမလဲ။
RCSS – ကြိုတင်ကန့်သတ်ချက်တွေ မရှိဘူး။ Open ဆွေးနွေးမှာ။ ဆွေးနွေးမှုရဲ့ အနှစ်သာရတွေ၊ နောက် တဖက်ရဲ့ သဘောထား ဆွေးနွေးချက်ကို လေးစားနားထောင်ရမှာလေ။ နှစ်ဖက်ညှိနှိုင်းပြီးတော့မှ ဘယ်လိုသဘောထားထွက်မလဲဆိုတာ ကြိုးစားရမှာပေါ့။
MK – ဘာများထပ်ဖြည့်စွက် ပြောချင်ပါသလဲ။
RCSS – သုံးသပ်ချက်တွေ သုံးသပ်တဲ့နေရာမှာ နိုင်ငံရေးတခုထဲကို သုံးသပ်လို့ မရဘူး။ စစ်ရေးကလည်း နိုင်ငံရေးကနေ ပေါက်ဖွားလာတာ။ နိုင်ငံရေး ဖြေရှင်း မရလို့ စစ်ရေးပဋိပက္ခ ဖြစ်လာတာ။ ဒီတခုက တွဲပြီး သုံးသပ်သင့်တာပေါ့။ ဘယ်အဖွဲ့စည်းမဆို ပြည်သူလူထု မပါဘဲနဲ့ ရပ်တည်လို့ မရဘူး။ နိုင်ငံရေးနဲ့ စစ်ရေးထပ်မက ပြည်သူလူထုရဲ့အရေးကိုပါ တွဲပြီးတော့ ချင့်ချိန် စဥ်စားသုံးသပ်မယ်ဆိုရင် ပကတိအခြေနေကို ထင်ဟပ်စေမှာပေါ့။
MK – ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။