မဲခေါင်၊ ဖေဖော်ဝါရီ ၂၆
မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဋ)ရပ် ကွက်၊ ၄၄ လမ်းနဲ့ ၁၃၆ လမ်း၊ ညောင်ပင်ကုန်းကျေး ရွာက နေအိမ်တစ်လုံးကို အမည်မသိအမျိုးသား ၈ ဦး ဆိုင်ကယ်သုံးစီးနဲ့ ရောက်ရှိလာပြီး ဓားပြတိုက်မှုဖြစ်ပွါးခဲ့ပါတယ်။ ဓါးပြတိုက်ရင်း နောက်ဆက်တွဲအဖြစ် အိမ်လည်လာတဲ့ ဒုရဲမှုး အသတ်ခံရတာလို့ ဒေသခံတစ်ဦးက မဲခေါင်သတင်းဌာန ကိုပြောပါတယ်။
ဖေဖော်ဝါရီ ၂၅ ရက် ည ၇ နာရီဝန်းကျင်က ဓားပြတိုက်ခံရတဲ့နေအိမ်ကို ဒုရဲမှူးဝင်းမင်းသန်း (အမှတ်၆မီးရထားရဲ) လာရောက်လည်ပတ်နေချိန်ဖြစ်ပွားခဲ့တာဖြစ်ပြီး စကားပြောစက်မှ အသံထွက်လာတဲ့အတွက် ရဲမှန်းသိသွားပြီး ပစ်သတ်ခဲ့တာဖြစ်တယ်လို့ သူကပြောပါတယ်။
“ အဲ့အိမ်ကဒုရဲမှူးမိန်းမရဲ့အစ်မဖြစ်သူနေတဲ့အိမ်ပါ။ သူကလာလည်တုန်း ဓားပြတိုက်မှုဖြစ်တာ။ သူ့အိတ်ထဲကစကားပြောစက်ကနေ အသံတွေထွက်လာတော့ ဓားပြတိုက်တဲ့သူတွေ ကြားသွားပြီး ရဲမှန်းသိလို့ သတ်သွားတာ။ ကျန်တဲ့သူတွေကိုတော့ဘာမှမလုပ်ဘူး။ ပစ္စည်းနဲ့ငွေတွေတော့ ယူပြီးထွက်သွားကြတာ” လို့ ဒေသခံတစ်ဦး ကပြောပါတယ်။
ဓားပြတိုက်ခံရလို့ငွေကျပ် သိန်း ၃၀၀၊ ရွှေ ၂ ကျပ်ခွဲသားတို့ကိုယူဆောင်သွားပြီး သေဆုံးသွားတဲ့ ဒုရဲမှူးအိတ်အတွင်းက ခြောက်လုံးပြူး ၁ လက် ကျည် ၁၈ တောင့်တို့ကို ယူဆောင်သွားပြီး ဒုရဲမှူးဝင်းမင်းသန်းကို သေနတ်နဲ့ ၂ ချက်ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။
MK-005