မဲခေါင်၊ အောက်တိုဘာ ၆
ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုနဲ့ တရားမျှတတဲ့ လူ့ဘောင် တစ်ရပ် ပေါ်ထွန်းရေး ရည်မှန်းချက် တူသူများနဲ့ လက်တွဲပြီး ဆက်လက် ဆောင်ရွက်မယ်လို့ ပအိုဝ်းအမျိုးသမီးသမဂ္ဂ-PWU က အဖွဲ့ ၂၄ နှစ်ပြည့်အဖြစ် ထုတ်ပြန် ကြေညာပါတယ်။
နိုဝင်ဘာ ၅ ရက်နေ့ဟာ ပအိုဝ်းအမျိုးသမီး သမဂ္ဂ ဖွဲ့စည်းမှု ၂၄ နှစ်ပြည့် နှစ်ပတ်လည်နေ့ဖြစ်ပြီး PWU အနေနဲ့ တရားမျှတတဲ့ လူ့ဘောင်အဖွဲ့အစည်းတစ်ရပ် ပေါ်ထွန်းရေး၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး၊ အမျိုးသမီးများ နယ်ပယ်အသီးသီးမှာ ဦးဆောင်မှုနဲ့ ဆုံးဖြတ်ချက်ချတဲ့ အခန်းကဏ္ဍတွေမှာ ပိုမိုပါဝင်နိုင်စေရေး တို့ကို ဦးတည် လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒါ့အပြင် ဘုံရည်မှန်းချက် တူညီတဲ့ မိတ်ဖက် အဖွဲ့အစည်းများ၊ ပြည်သူလူထု၊ အခြားသော လူမျိုးစု တိုင်းရင်းသား များနဲ့ လက်တွဲကာ ဆက်လက် ဆောင်ရွက်မယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါကြောင့် ပအိုဝ်း အမျိုးသမီးများရဲ့ လူနေမှုဘဝ တိုးတက်မြင့်မားရေးအတွက် အဓိက အခန်းကဏ္ဍ တစ်ခုဖြစ်တဲ့ စွမ်းဆောင်ရည် မြင့်မားတဲ့ အမျိုးသမီးများ ဖြစ်လာစေရန်အတွက် စွမ်းရည်မြှင့်တင်ခြင်း လုပ်ငန်းများ၊ စည်းရုံး လှုံ့ဆော်ခြင်း လုပ်ငန်းများကို အစွမ်းကုန် ကြိုးပမ်း ဆောင်ရွက်နေတယ်လို့ PWU က ဆိုပါတယ်။
ပအိုဝ်းအမျိုးသမီးသမဂ္ဂ PWU တည်ထောင်ချိန်မှ လက်ရှိအချိန်ထိ တန်းတူရေး၊ တရားမျှတရေး၊ ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီရေးတို့ အတွက် လက်တွဲ ပူးပေါင်းပါဝင်ကြတဲ့ အဖွဲ့ခေါင်းဆောင်များ၊ အဖွဲ့ဝင်များ၊ ပြည်သူလူထုနဲ့ မိတ်ဖက် အဖွဲ့အစည်းများကို PWU အနေနဲ့ ဂုဏ်ပြု မှတ်တမ်းတင်တယ်လို့ ဆိုပါတယ်။
ပအိုဝ်း အမျိုးသမီးသမဂ္ဂ PWU ကို ၁၉၉၉ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်နေ့က နယ်စပ် တစ်နေရာမှာ စတင် ဖွဲ့စည်းခဲ့တာဖြစ်ပြီး အမျိုးသမီး အခွင့်အရေး၊ ကျား-မ တန်းတူရေး၊ တရားမျှတရေး၊ ဖက်ဒရယ် ဒီမိုကရေစီအရေး တို့ကို လုပ်ဆောင်နေတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။
CJ-002
#MeKongNews
#ပအိုဝ်းအမျိုးသမီး_သမဂ္ဂ
#ဖက်ဒရယ်_ဒီမိုကရေစီ
#ကျားမတန်းတူရေး










