မဲခေါင်၊ ဩဂုတ် ၁၈
စစ်တပ် အာဏာသိမ်းပြီးနောက် ကရင်နီပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ၂ နှစ်ကျော်ကာလ တိုက်ပွဲတွေအတွင်း ဘာသာရေး အဆောက်အအုံ ၄၀ ကျော် ပျက်စီးခဲ့ရတယ်လို့ KNDF နဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။
၂ နှစ်ကျော် ကာလအတွင်း စစ်ကောင်စီ လေကြောင်းကနေ ဗုံးကြဲတာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ တွေကြောင့် အနည်းဆုံး ဘာသာရေး အဆောက်အအုံ ၄၀ ကျော် ပျက်စီးခဲ့ရပြီး မြေပြင်မှာ ဒီထက် ပိုများနိုင်တယ်လို့ ဆိုပါတယ်။
ကရင်နီပြည်နယ်မှာ ပျက်စီးခဲ့ရတဲ့ ဘာသာရေး အဆောက်အအုံ အများစုဟာ ခရစ်ယာန် ဘုရားကျောင်းတွေ ဖြစ်ပါတယ်။
အဆိုပါ ပျက်စီးခဲ့ရတဲ့ ဘုရားကျောင်းတွေဟာ တိုက်ပွဲနဲ့ နီးစပ်တဲ့ နေရာမှာမရှိပေမဲ့ စစ်ကောင်စီက ပြည်သူတွေ စစ်ဘေးတိမ်းရှောင်လေ့ရှိတဲ့ ဘုရားကျောင်း၊ စာသင်ကျောင်းနဲ့ ဆေးရုံတွေကို ပစ်မှတ်ထား တိုက်ခိုက်နေလို့ အခုလို ပျက်စီးတာလို့ KNDF နဲ့နီးစပ်သူက ပြောပါတယ်။
“ထုံးစံအရ တိုက်ပွဲတွေ ဖြစ်တဲ့အခါ ကျေးရွာနေ ပြည်သူတွေက အဆောက်အဦး ကြီးကြီးမားမားဖြစ်တဲ့ ဘုရားကျောင်း၊ စာသင်ကျောင်းနဲ့ ဆေးရုံလို နေရာတွေမှာ ခိုလှုံကြတယ်။ စစ်ကောင်စီက ပြည်သူတွေကို ပစ်မှတ်ထားတတ်တော့ အဲ့နေရာတွေကို ပစ်ခတ်တာမျိုးတွေ လုပ်လေ့ရှိပါတယ်” လို့ သူကရှင်းပြပါတယ်။
ဒါ့အပြင် မြေပြင်စစ်ကြောင်းထိုး ၀င်ရောက်ရာမှာ စစ်ကောင်စီက ဘာသာရေး အဆောက်အအုံတွေမှာ တပ်စွဲ နေထိုင်လေ့ရှိပြီး စစ်ကြောင်း ပြန်ထွက်ချိန်မှာ ဘုရားကျောင်းတွေကို ပစ်ခတ် ဖျက်ဆီး မီးရှို့ခဲ့တာတွေ ပြုလုပ်လေ့ရှိတယ်လို့ ဆိုပါတယ်။
ကရင်နီပြည်နယ်မှာ တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့တဲ့ ၂၀၂၁ ခုနှစ် နှောင်းပိုင်းမှာ စစ်ကောင်စီက ဘာသာရေး အဆောက်အုံတွေကို ပစ်မှတ်ထား တိုက်ခိုက်တာ နည်းပေမဲ့ ၂၀၂၂ ခုနှစ် နောက်ပိုင်းမှာတော့ ပစ်မှတ်ထား တိုက်ခိုက်မှု များလာတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကို စစ်တမ်း ကောက်ယူနေတဲ့ တိုးတတ်သော ကရင်နီပြည်သူ့အင်အားစု-PKPF က ၂ နှစ်ကျော် ကာလအတွင်း စစ်တပ်ရဲ့ လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ဘာသာရေး အဆောက်အအုံ ၃၉ ခုထက်မနည်း ပျက်စီးခဲ့ရတယ်လို့ ဩဂုတ်လ ၁ ရက်က ထုတ်ပြန်ထားပါတယ်။
ဩဂုတ်လ ၁၂ ရက်၊ ည ၈ နာရီခန့်ကလည်း ဖရူဆိုမြို့နယ်၊ ထီးသော်ကူးကျေးရွာက ‘သနားခြင်းမယ်တော်’ ခရစ်ယာန် ဘုရားရှိခိုးကျောင်းကို စစ်ကောင်စီ လေကြောင်းက ဗုံးကြဲလို့ ပျက်စီးမှုတွေ ဖြစ်ခဲ့ပါသေးတယ်။
MK-007
#MeKongNews
#ကရင်နီပြည်နယ်
#ဘာသာရေး အဆောက်အုံ
#KNDF













