မဲခေါင်၊ ဩဂုတ် ၉
၈၈၈၈ အရေးတော်ပုံဟာ စစ်အာဏာရှင်စနစ်ကို ဖုံးထားတဲ့ မျက်နှာဖုံးကို သုံးမရအောင် ခွါချလိုက်တဲ့ အရေးတော်ပုံကြီး ဖြစ်တယ်လို့ ပအိုဝ်းအမျိုးသား ဖက်ဒရယ် ကောင်စီ ဥက္ကဌ ခွန်မြင့်ထွန်း ကပြောပါတယ်။
ဒါ့အပြင် ၈၈၈၈ အရေးတော်ပုံကြီးဟာ စစ်အာဏာရှင်စနစ်ရဲ့ ကျောရိုးကို ရိုက်ချိုးလိုက်တဲ့ ထူးခြားချက်တွေနဲ့ အရေးတော်ပုံကြီး ဖြစ်တယ်လို့လည်း သူကပြောပါတယ်။
“ဒါကြောင့် ၁၉၆၂ ခုနှစ် အာဏာသိမ်းပြီး ကတည်းက စစ်တပ်ဟာ သူတို့မျက်နှာဖုံးကို မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဆိုတဲ့ တစ်ပါတီ အာဏာရှင်စနစ် မျက်နှာဖုံးကို ဖုံးထားတယ်။ ၈ လေးလုံးအရေးတော်ပုံကြီးက အဲ့ဒီ လမ်းစဉ်ပါတီ မျက်နှာဖုံးကို စစ်အာဏာရှင်စနစ်ကို ဖုံးထားတဲ့ တစ်ပါတီ အာဏာရှင်စနစ် ဆိုတဲ့ မျက်နှာဖုံးကို သုံးမရအောင် ခွာချပလိုက်တယ်။ ပြီးရင် အဲ့ဒီ စစ်အာဏာရှင်စနစ်ရဲ့ ကျောရိုးကို ရိုက်ချိုးပလိုက်တယ်။ ဒါဟာ ၈ လေးလုံး အရေးတော်ပုံရဲ့ ထူးခြားချက် ဖြစ်ပါတယ်” လို့ PNFC ဥက္ကဌ ခွန်မြင့်ထွန်း ကပြောပါတယ်။
ဒါ့အပြင် ၈၈၈၈ အရေးတော်ပုံဟာ အုပ် ချုပ်သူအပြောင်းအလဲ အစိုးရ အပြောင်းအလဲကို လိုလားတာနဲ့ ဖြစ်ပေါ်လာတာ မဟုတ်ဘဲ ခေတ်ပြောင်း စနစ်ပြောင်းကို လိုချင်လို့ ဘဝအခြေနေတွေ စနစ်တွေကို ပြောင်းချင်လို့ ပေါ်ပေါက်လာတာ ဖြစ်တယ်လို့ သူကပြောပါတယ်။
“တစ်နည်း ပြောရရင် ဒီအရေးတော်ပုံရဲ့ ထူးခြားချက်က အုပ်ချုပ်သူ အပြောင်းအလဲကိုပဲ ပြောတာ မဟုတ်ဘူး။ ခေတ်စနစ် ပြုပြင်ပြောင်းလဲရေးကို လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ပြည်သူလူထု တစ်ရပ်လုံးက နေပြီးတော့မှ အသက်တွေ ဘဝတွေ ရင်းနှီး ပေးဆပ်ပြီးတော့ နိုင်ငံရေး နည်းလမ်းနဲ့ ကြိုးပမ်းအားထုတ်ခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ ၈ လေးလုံးရဲ့ အနှစ်သာရ ဖြစ်တယ်” လို့ ဦးခွန်မြင့်ထွန်း ကပြောပါတယ်။
အရေးတော်ပုံ ဖြစ်ပြီး နောက်ပိုင်း နှစ်ပေါင်း ၇၀ ကျော် တိုင်းရင်းသားတွေ ကြိုးပမ်း နေတဲ့ အမျိုးသား လွတ်မြောက်မှု တော်လှန်ရေး၊ တစ်နည်းအားဖြင့် ဖက်ဒရယ်အရေးနဲ့ ဒီမိုကရေစီအရေးဟာ ပေါင်းစပ်ပြီးတော့မှ ပိုပြီး အားကောင်စွာ လှုပ်ရှားနိုင်ခဲ့တာကြောင့် ဒီကနေ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး လမ်းကြောင်းကို ဖက်ဒရယ် ဒီမိုကရေစီ လမ်းကြောင်းအတိုင်း လျှောက်လှမ်းနိုင်ဖို့အတွက် အရေးတော်ပုံက လမ်းဖော် ပေးခဲ့တယ်လို့ သူကပြောပါတယ်။
ဒါကြောင့် ဒီကနေ့မှာ တောင်တန်း မြေပြန့် ဒေသအသီးသီး လူထုလူတန်းစား အလွှာအသီးသီးမှ ပြည်သူလူထု တစ်ရပ်လုံးက လက်နက်ကိုင် တော်လှန်ရေးနဲ့ လူထုတိုက်ပွဲ အပါအဝင် နည်းလမ်းပေါင်းစုံနဲ့ နွေဦး တော်လှန်ရေးမှာ ပါဝင်ပြီး စစ်အာဏာရှင်စနစ်ကို ဖြိုချဖျက်သိမ်းကာ ဖက်ဒရယ် ပြည်ထောင်စု ထူထောင်ရေးကို အရှိန်အဟုန်မြှင့် တိုက်ပွဲဝင်နေကြပြီလို့ ပအိုဝ်းအမျိုးသား ဖက်ဒရယ် ကောင်စီက ပြောပါတယ်။
‘မတရားသော စနစ်ဆိုးများ ဖျက်သိမ်းရာတွင် ပအိုဝ်းများ အင်အားစု တရပ်အဖြစ် ပါဝင်မည်’ ဆိုတဲ့မူအရ ယနေ့ နွေဦးတော်လှန်ရေးကြီးမှာ ဒေသအသီးသီး နယ်ပယ်အသီးသီး ကဏ္ဍ အသီးသီးမှနေပြီး အင်းတိုက် အားတိုက် ပါဝင်နေတဲ့အပြင် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင် တော်လှန်တဲ့ အင်အားစုများ အားလုံးနဲ့ တညီတညွတ်တည်း ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ PNFC က ပြောပါတယ်။
CJ-002
#MekongNews
#PNFC
#၈၈၈၈
#စစ်အာဏာရှင်စနစ်








