မဲခေါင်၊ ဇူလိုင် ၁၂
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ထဲက ခလယ် တံခွန်တိုင်နဲ့ ပုလိန်ကျေးရွာတွေကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဒီနေ့ ဇူလိုင် ၁၂ ရက်၊ မနက် ၁၀ နာရီခွဲ ဝန်းကျင်မှာ စစ်ကောင်စီ တိုက်ခိုက်ရေး ရဟတ်ယာဉ် တစ်စီးနဲ့ ကျေးရွာ တစ်လျှောက် လာရောက် ပစ်ခတ်သွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“အစ်မတို့ ရွာထဲတော့ မရောက်သေးဘူး။ လေယာဉ်ပဲလာတယ် အနီးအနားမှာပဲ။ လေယာဉ်ပစ်ချတဲ့ အသံ ကြားတယ်။ ၁၅ ချက်လောက်ရှိမယ်။ ၁၀ နာရီကျော်ကျော်လောက်က သေနတ်သံ ကြားရတယ်။ အလုံးကြီး (လက်နက်ကြီး) သံရော ကြားရတယ်။ အဲ့ဒါပြီးမှ လေယာဉ်နဲ့ လာပစ်တာ” လို့ ခလယ် တံခွန်တိုင်ရွာ အနီးမှာ ရှိနေတဲ့ ဒေသခံ ရွာသူ တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
လက်ရှိအချိန်မှာတော့ ပစ်ခတ်သံတွေ ငြိမ်သွားကာ လေယာဉ်တွေ ပြန်သွားပြီဖြစ်ပြီး တိုက်ခိုက်မှုကြောင့် ထိခိုက်မှု အခြေအနေကိုတော့ မဲခေါင်သတင်းဌာနက ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပါတယ်။
“ပုလိန်ဘက်မှာ ဖြစ်တာလို့ ကြားတယ်။ လေယာဉ်နဲ့ပစ်တာ ၁၀ မိနစ်လောက်ရှိတယ်။ သူတို့ (စစ်တပ်) က မသင်္ကာရင်ပစ်တာ အစစအရာရာ ကြောက်နေရတယ်” လို့ ကြာအင်းဆိပ်ကြီးမြို့နယ် ဒေသခံ အမျိုးသား တစ်ဦးက ပြောပြပါတယ်။
ကြာအင်းဆိပ်ကြီးမြို့နယ်ထဲမှာ KNLA၊ PDF တော်လှန်ရေးပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ် မကြာခဏ တိုက်ပွဲ ဖြစ်ပွားလေ့ရှိပြီး စစ်ကောင်စီ အထိုင်စခန်းတွေကို တော်လှန်ရေးအဖွဲ့တွေက မကြာခဏ ဝင်ရောက်တ တိုက်ခိုက်လေ့ ရှိပါတယ်။
ဇူလိုင်လ ၆ ရက်နဲ့ ၇ ရက်ကလည်း သံဖြူဇရပ်မြို့နယ်၊ တောင်ကလေး ရဲစခန်းနဲ့ ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်တံခွန်တိုင် ရဲစခန်းနဲ့ လျှပ်စစ်ဓာတ်အားခွဲရုံကို တောင်ပိုင်းတိုင်း အထူးတပ်ဖွဲ့ S.O.F ကဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့ပါသေးတယ်။
ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေကြား ပြင်းထန်ခဲ့တဲ့ ဇွန်လ တိုက်ပွဲတွင်းမှာတော့ နှစ်ဖက် ထိခိုက်ကျဆုံးမှုတွေရှိခဲ့ပြီး စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် သံဃာ တစ်ပါး အပါအဝင် ကလေးငယ် တစ်ဦးနဲ့ နောက်ထပ် အရပ်သား ၂ ဦး သေဆုံးခဲ့တာ ဖြစ်ပါတယ်။
MK-009
#MekongNews
#ကြာအင်းဆိပ်ကြီးမြို့နယ်
#KNLA/PDF
#လေကြောင်းတိုက်ခိုက်








