မဲခေါင်၊ ဇူလိုင် ၂၇
ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းဆတ်ခရိုင် တရားရုံးမှ ခရိုင်တရားသူကြီး ဦးဆန်းထွန်းဦးသည် လက်အောက်ဝန်ထမ်းများအပေါ် မိမိလစာပေးထားသည့် ကျွန်ကဲ့သို့ သဘောထားကာ ဖိနှိပ်ဆက်ဆံနေသည့်အတွက် ၎င်းအား ရာထူးမှ အမြန်ဆုံး ဖယ်ရှားပြောင်းရွှေ့ပေးရန် လက်အောက်ဝန်ထမ်းများက မဲခေါင်မှတစ်ဆင့် သက်ဆိုင်ရာ အထက်ဌာနဆိုင်ရာ အကြီးအကဲများထံ တိုင်တန်းတောင်းဆိုလိုက်သည်။
ယင်းခရိုင်တရားသူကြီး ဦးဆန်းထွန်းဦး သည် မိုင်းဆတ်ခရိုင် တရားရုံးသို့ စတင် တာဝန်ကျရောက်သည့်နေ့မှ စတင်ကာ ဝန်ထမ်းများအပေါ် ကိုယ်ချင်းစာတရားမဲ့စွာ ခိုင်းစေခြင်းနှင့် ဖိနှိပ် ပြောဆိုမှုများ ဆက်တိုက် ပြုလုပ်လာခဲ့ခြင်းဖြစ်ကြောင်း ၎င်းလက်အောက် ဝန်ထမ်းများထံမှ သိရသည်။
“မနက်ပိုင်း တန်းစီနေချိန်တွေမှာလည်း ခိုင်းသမျှ အကုန်လုပ်ရတယ်။ ဘာမှ ပြန်မပြောဘဲ ငြိမ်ခံနေတဲ့ ဝန်ထမ်းတွေကိုတောင် အမြဲတမ်း အလုပ်က ထွက်ခိုင်းနေတာ။ အခုလည်း လာမယ့် ဗုဒ္ဓဟူးနေ့မှာ ဝန်ထမ်းတွေ ရုံးမလာဘူးဆိုပြီး အကြောင်းအမျိုးမျိုးပြကာ အစီအစဉ်တွေ ဆွဲနေပါတယ်။ ကုန်ဈေးနှုန်းတွေ အဆမတန် ကြီးမြင့်နေတဲ့ ကာလမှာ ဝန်ထမ်းတွေအပေါ် နည်းနည်းမှ ကိုယ်ချင်းမစာဘဲ သူ အဆင်ပြေနေရုံနဲ့ ဝန်ထမ်းတွေကို အမြဲ ကျွန်လို သဘောထားနေတဲ့ အဲဒီလိုလူမျိုးကို အမြန်ဆုံး ဖယ်ရှားပေးဖို့နဲ့ အထက်လူကြီးတွေ သိအောင် ဖော်ထုတ်ပေးဖို့ တောင်းဆိုချင်တာပါ” ဟု လက်အောက် ဝန်ထမ်းတစ်ဦးက ပြောသည်။
ထို့ပြင် ခရိုင်တရားသူကြီးသည် တာဝန်အရ ပေးအပ်ထားသည့် အရာရှိနေအိမ်ကို တစ်လလျှင် ငွေကျပ် ၅ သောင်းဖြင့် ပြင်ပသို့ တရားမဝင် ငှားစားထားပြီး ၎င်းကိုယ်တိုင်မှာမူ နေထိုင်ခွင့်မရှိသည့် တရားရုံးအတွင်း၌ပင် ဝင်ရောက်နေထိုင်နေသလို၊ ကာလအတန်ကြာ မည်သည့်နေရာသို့မျှ သွားရောက်ခြင်း မရှိဘဲ မော်တော်ယာဉ် စက်သုံးဆီဖိုး ငွေကျပ် ၄ သိန်းကိုလည်း လစဉ် တရားမဝင် ထုတ်ယူစားသုံးနေကြောင်း သိရသည်။
“မူးယစ်ဆေးဝါး အမှုတွေကို ငွေကြေးယူပြီး အနိမ့်ဆုံး ပြစ်ဒဏ် ချမှတ်တာ။ သူ့လက်ထက်မှာ အဆိုးဆုံးပဲ၊ မူးယစ်ဆေးပြား အလုံးရေ ဘယ်လောက်ပဲ မိမိ၊ ငွေယူပြီး ထောင်ဒဏ် ၁၀ နှစ်ပဲ ချပေးတာ” ဟု အခြားဝန်ထမ်းတစ်ဦးက ဆိုသည်။
ဝန်ထမ်းများအပေါ် ဖိနှိပ်ချုပ်ချယ်ကာ လုပ်ပိုင်ခွင့်အာဏာ အလွဲသုံးစားပြုနေသည့် မိုင်းဆတ်ခရိုင် တရားသူကြီး ဦးဆန်းထွန်းဦး အား ရာထူးမှ အမြန်ဆုံး ဖယ်ရှားပြောင်းရွှေ့ပေးပါရန် ပြည်နယ်တရားသူကြီးချုပ်နှင့် နိုင်ငံတော် တရားသူကြီးချုပ်ထံ လက်အောက်ခံ ဝန်ထမ်းများက တင်ပြလိုကြောင်း သိရသည်။
#MeKongNews
#မိုင်းဆတ်မြို့နယ်
#တရားသူကြီး
#ဦးဆန်းထွန်းဦး
#အဂတိ








