မဲခေါင်၊ ဇူလိုင် ၁၄
ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီထိန်းချုပ် လားရှိုးမြို့ လေယာဉ်ကွင်းလမ်းတွင် ဆိုင်ကယ်ပျက်ယောင်ဆောင် အကူညီတောင်းရာမှ ကူညီသူကို လူ ၃ ဦးက ဓားထောက်လုယက်သဖြင့် ကျပ်သိန်း ၄၀ ပါသွားကြောင်း လုယက်ခံရသူနှင့် နီးစပ်သူများထံမှ သိရသည်။
ယမန်နေ့ ဇူလိုင် ၁၃ ရက် ညနေ ၂ နာရီကျော်တွင် ဘဏ်မှ ပင်စင်ထုတ်ပြီး ကားဖြင့် ပြန်လာသူတစ်ဦးမှာ ဆက်သွယ်ရေးတပ်အကျော် လေယာဥ်ကွင်းလမ်း အရောက်တွင် လမ်းဘေး၌ ဆိုင်ကယ်ပျက်နေသည့် အမျိုးသမီးတစ်ဦးအား ကူညီပေးရန် ကားပေါ်မှ ဆင်းခဲ့ကြောင်း သိရသည်။
ထိုခဏ၌ လမ်းဘေးခြုံထဲမှ အမည်မသိလူ ၃ ဦးထွက်လာပြီး လည်ပင်းကို ဓားဖြင့်ထောက်၍ ကားအတွင်း ဘဏ်မှ ထုတ်လာသည့် ပင်စင်ငွေထုပ်ကို လုကာ ထွက်ပြေးသွားကြခြင်းညဖြစ်ကြောင်း သိရသည်။
“အမျိုးသမီးက ဆိုင်ကယ်ကို ဂွထောက်ထောက်ထားလို့ ဆိုင်ကယ်ပျက်သလိုနဲ့ တားတယ်။ ကားရပ်မေးပြီး ဆင်းကြည့်တာ အောက်ဆင်းမှ ဓားနဲ့ ထောက်လုခံရတာ”ဟု အလုခံရသူ၏မိတ်ဆွေကပြောသည်။
ထို့သို့ လုယက်စဥ် ကားသော့ကို လွှင့်ပစ်လိုက်သဖြင့်သာ ကားပါမသွားခြင်း ဖြစ်ကြောင်းနှင့် လုယူသူ ၃ ဦးမှာ အသက် ၃၀ ကျော်အရွယ်များ ဖြစ်ကြောင်း ၎င်းက ပြောသည်။
ထို့နောက် လုယက်သူများနှင့် ကားတားသည့်အမျိုးသမီးမှာ ဆိုင်ကယ်များဖြင့် ထွက်ပြေးသွားသည်ဟု ဆိုသည်။
ယင်းလုယက်မှုကို ရဲစခန်းမှလည်း စုံစမ်းနေကြောင်း သိရသည်။
လားရှိူးတွင် ကား၊ ဆိုင်ကယ်များကို အကြမ်းဖက်လုယက်မှုများ ဖြစ်ပွားနေရာ လွန်ခဲ့သည့်လအတွင်းကလည်း ကားဝယ်မည်ဟု ချိန်းဆိုကာ ကားပွဲစားကို သတ်ဖြတ်၍ ကားလုယူသွားမှု ဖြစ်ပွားခဲ့သေးသည်။
#MeKongNews
#လားရှိုး
#လေယာဉ်ကွင်းလမ်း
#ဓားထောက်
#လုယက်








