မဲခေါင်၊ ဇွန် ၁၅
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ရေဝိုင်းတောင်ခြေ ရေကန်၌ ဇွန်လ ၁၃ ရက် ညနေပိုင်းက အသက် ၄၀ အရွယ် စစ်ဘေးရှောင် အမျိုးသားတစ်ဦး ငါးမျှားစဉ် မတော်တဆ ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
သေဆုံးသူသည် ငါးသွားမျှားရာမှ ငါးရရှိသဖြင့် ရေထဲသို့ ဆင်းယူစဉ် မတော်တဆ ရေနစ်သွားခြင်းဖြစ်ကြောင်း ၎င်းနှင့် နီးစပ်သူများထံမှ သိရသည်။
“ဟုတ်တယ်၊ ရေဝိုင်းတောင်ခြေမှာ ငါးသွားမျှားရင်း မတော်တဆ ဖြစ်သွားတာ။ ငါးရလို့ ဝင်ဆယ်ရာကနေ ရေနစ်သွားတယ်လို့ ပြောကြတယ်။ သူ့အဖော်တွေလည်း နောက်ကျမှသိတော့ အသက်မမီတော့ဘူး” ဟု သေဆုံးသူ၏ မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
သေဆုံးသူသည် ယခင်က ဒီးမော့ဆိုမြို့နယ်၊ အောင်မင်္ဂလာရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး လက်ရှိတွင် မိသားစုနှင့်အတူ စစ်ဘေးရှောင်အဖြစ် နေထိုင်နေကြောင်း သိရသည်။
ဒီးမော့ဆိုမြို့နယ်အတွင်း၌ ယခင်ကလည်း ရေနစ်သေဆုံးမှုများ ဖြစ်ပွားခဲ့ဖူးပြီး အချို့ဖြစ်စဉ်များတွင် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ နောက်ကျမှုကြောင့် အသက်ဆုံးရှုံးရသည့် ဖြစ်ရပ်များလည်း ရှိခဲ့ကြောင်း ဒေသခံများက ဆိုသည်။
ပြီးခဲ့သည့်မေ ၃၀ ရက် တွင်လည်း လွိုင်ကော်မြို့နယ်အတွင်းရှိ လောပိတ သွားလမ်း မထောခူအောက်ရွာ သဲချောင်းတွင် အပျော်တမ်း ရေလာကူးရာမှ လူငယ် ၃ ဦး ရေနစ် သေဆုံးခဲ့သေးကြောင်း ဒေသခံများထံမှ သိရသည်။
#MeKongNews
#ဒီးမော့ဆို
#စစ်ဘေးရှောင်
#အမျိုးသားတစ်ဦး
#ရေနစ်သေဆုံး








