မဲခေါင်၊ ဇွန် ၁၃
ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ကား ၃ စီးဆင့်တိုက်မှု ဖြစ်ပွားပြီး တစ်ဦး ပြင်းထန်ဒဏ်ရာ ရရှိသည်ဟု ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။
ယမန်နေ့ ဇွန် ၁၂ ရက်ညတွင် လားရှိုးမြို့ ၃ လမ်းဆုံ အဆင်းရှိ ဟော့ပေါ့ဆိုင်ရှေ့တွင် ရပ်ထားသည့် ကား၂ စီးကို အရှိန်မထိန်းနိုင်သည့် ကားတစ်စီးက ဝင်ရောက်တိုက်မိခဲ့ခြင်း ဖြစ်သည်။
“လမ်းဘေးမှာ ရပ်ထားတဲ့ ကား၂ စီးကို မောင်းနေတဲ့ ကားတစ်စီးက အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်သွားတာ ယာဉ်မောင်းက ဒဏ်ရာပြင်းထန်လို့ ဆေးရုံကို ပို့လိုက်ရတယ်။ ရင်ဘတ်နဲ့ ခေါင်းထိသွားတာ”ဟု ဖြစ်စဉ်ကို သိရှိသူတစ်ဦးက ပြောသည်။
ကုန်းပေါ်မှ ဆင်းလာသည့် ဟွန်ဒါဖစ်ကားအမျိုးအစားက ဟော့ပေါ့ဆိုင်ရှေ့တွင် ရှိသည့် အခြားဟွန်ဒါဖစ်ကားတစ်စီးကို တိုက်မိရာ ယင်းအတိုက်ခံရသည့် ကားက နောက်တစ်စီးကိုပါ ထပ်မံတိုက်မိသွားခြင်း ဖြစ်သည်။
ယာဉ်တိုက်မှု ဖြစ်ပွားချိန်တွင် အတိုက်ခံရသည့် ကား၂ စီးပေါ်တွင် လူမရှိသဖြင့် လူထပ်မံထိခိုက်မှု မရှိသော်လည်း ကားပျက်စီးမှု များပြားခဲ့သည်ဟု သတင်းရင်းမြစ်က ပြောသည်။
#MeKongNews
#လားရှိုး
#ကား
#ဆင့်တိုက်








