မဲခေါင်၊ မေ ၂၃
ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းခတ်မြို့နယ်အတွင်း အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားလုပ်ငန်းများကို နှိမ်နင်းနေစဉ် တရုတ်နိုင်ငံသား ၅၁ ဦးနှင့် မြန်မာနိုင်ငံသား ၁၃ ဦးကို ထပ်မံ ဖမ်းဆီးမိခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။
ယင်းထုတ်ပြန်ချက်အရ မေ၂၁ ရက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မိုင်းခတ်မြို့နယ်အတွင်း ကျေးရွာအချို့၌ ဝင်ရောက်ရှာဖွေ စစ်ဆေးရာ အွန်လိုင်းလိမ်လည်မှုလုပ်ငန်း လုပ်ကိုင်နေသူများကို ဖမ်းဆီးမိခဲ့ခြင်းဖြစ်ပြီး Star Link စက်များ၊ ကွန်ပျူတာများ၊ မိုဘိုင်းဖုန်းများနှင့် ဆက်စပ်ပစ္စည်းများကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြထားသည်။
ဖမ်းဆီးခံရသူများအနက် တရုတ်နိုင်ငံသား ၅၁ ဦးနှင့် မြန်မာနိုင်ငံသား ၁၃ ဦး၊ စုစုပေါင်း ၆၄ ဦး ပါဝင်ပြီး ယခုတွင် ဆက်လက်စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။
ထို့ပြင် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများနှင့် ပတ်သက်သူများကို ဖော်ထုတ် ဖမ်းဆီးနိုင်ရေး ဆက်လက် ဆောင်ရွက်နေကြောင်းလည်း ဆိုထားသည်။
မြန်မာနိုင်ငံအတွင်း အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားလုပ်ငန်းများကို တရုတ်နိုင်ငံနှင့် ပူးပေါင်းနှိမ်နင်းနေကြောင်း စစ်ကောင်စီက မကြာခဏ ထုတ်ပြန်လျက်ရှိပြီး ရှမ်းပြည်နှင့် နယ်စပ်ဒေသများတွင် နိုင်ငံခြားသားများ အများအပြား ဖမ်းဆီးရမိမှုများ ဆက်တိုက်ဖြစ်ပေါ်နေသည်။
ပြီးခဲ့သည့် မေ၂၀ ရက်တွင်လည်း မိုင်းခတ်မြို့နယ်တွင်ပင် တရုတ်နိုင်ငံသား ၅၀ ဦး၊ ဗီယက်နမ်နိုင်ငံသား ၁ ဦးနှင့် မြန်မာနိုင်ငံသား ၁၁ ဦးတို့ ဖမ်းမိသေးကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။
#MeKongNews
#မိုင်းခတ်
#အွန်လိုင်းလောင်ကစား
#တရုတ်
#မြန်မာ








