မဲခေါင်၊ မေ ၂၀
ရှမ်းပြည်အရှေ့ပိုင်း၊ အထူးဒေသ – ၄၊ NDAA ထိန်းချုပ် မိုင်းလားတွင် ယမန်နေ့က တရုတ်နိုင်ငံသား ကျားဖြန့်လုပ်ငန်းရှင် ၅ ဦးကို တရုတ်ဘက်သို့ လွှဲပြောင်းခဲ့ကြောင်း သတင်းရင်းမြစ်များအရ သိရသည်။
ယင်း ၅ ဦးမှာ တရုတ်အစိုးရမှ အလိုရှိသူများဖြစ်ပြီး ၎င်းတို့ အလိုရှိသည့် တရုတ်နိုင်ငံသား ကျားဖြန့်လုပ်ငန်းရှင်များနှင့် လုပ်သားများကို ယမန်နေ့ မေ ၁၉ ရက်အထိ ၂ ရက်ဆက်တိုက် ဖမ်းဆီးပြီးစုစုပေါင်း ၁၈၇ ဦး လွှဲပြောင်းခဲ့ကြောင်း သတင်းအရင်းအမြစ်ထံမှ သိရသည်။
မေ ၁၈ ရက်က ပထမအသုတ်အဖြစ် ၁၈၂ ဦး လွှဲပြောင်းခဲ့ပြီးနောက် ထပ်မံဖမ်းဆီးမိသည့် လုပ်ငန်းရှင် ၅ ဦးကို ယမန်နေ့ မေ ၁၉ ရက်တွင် ထပ်မံ လွှဲပြောင်းပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
“မိုင်းလားက ယူနန်နယ်စပ် တာလော့ဂိတ်ကနေ မနေ့က လွှဲတယ်၊ ဖမ်းမိတာနဲ့ တရုတ်ဘက် တစ်ခါတည်းလွှဲနေတာ၊ ဒီဘက်မှာ မထားတော့ဘူး”ဟု သတင်းရင်းမြစ်က ပြောသည်။
ပြီးခဲ့သည့် မေ ၈ ရက်ကလည်း “ဝ”တပ်ဖွဲ့ – UWSA အထူးဒေသ(၂ ) နှင့် NDAA – မိုင်းလား အထူးဒေသ (၄) ပူးပေါင်းအဖွဲ့များ မိုင်းလား – တာလော့ နယ်စပ်ဒေသတွင် ပြုလုပ်ခဲ့သည့် ကျားဖြန့်နှိမ်နင်းရေး လုပ်ငန်းစဉ်မှ သံသယရှိသူ ၇၈ ဦးကို ဖမ်းဆီးမိခဲ့ပြီး ၎င်းတို့အနက် ၁၀ ဦးကို တရုတ်အာဏာပိုင်များထံ လွှဲပြောင်းပေးအပ်ခဲ့သည်။
#MeKongNews
#မိုင်းလား
#တရုတ်နိုင်ငံသား
#ကျားဖြန့်လုပ်ငန်းရှင်
#တရုတ်








