မဲခေါင်၊ မေ ၁၈
ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီ ထိန်းချုပ်ထားသည့် လားရှိုးမြို့ရှိ တရုတ်စာသင်ကျောင်းတစ်ခုတွင် ကျောင်းသူကျောင်းသားတစ်စုက ကျောင်းသူတစ်ဦးကို အုပ်စုလိုက် ဝိုင်းဝန်းရိုက်နှက်နှိပ်စက်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။
ပြီးခဲ့သည့် မေလ ၁၅ ရက်က လားရှိုးမြို့၊ ရပ်ကွက် (၇) အတွင်း၌ ဆယ်ကျော်သက်အရွယ် မိန်းကလေးငယ်တစ်ဦးကို တရုတ်စာသင်ကျောင်းမှ ကျောင်းသူကျောင်းသားတစ်သိုက်က အုပ်စုဖွဲ့ကာ ဝိုင်းဝန်းအနိုင်ကျင့် ရိုက်နှက်ခဲ့ခြင်း ဖြစ်သည်။
မဲခေါင်မှ ရရှိသည့် ရုပ်သံဖိုင်အရ ကျောင်းသူကျောင်းသားအုပ်စုက ယင်းမိန်းကလေးငယ်၏ ပါးကို အကြိမ်ကြိမ် ရိုက်နှက်ခြင်း၊ လည်ပင်းညှစ်ခြင်း၊ မြေကြီးပေါ်သို့ တွန်းလှဲရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့ကြပြီး တရုတ်ဘာသာစကားဖြင့် အတင်းအဓမ္မ ဝန်ခံခိုင်းနေသည်ကို တွေ့ရသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ လားရှိုးမြို့၊ ရပ်ကွက် (၂)၊ ကန်မိန်းလမ်းရှိ “မြန်မာနိုင်ငံမြောက်ပိုင်း ကိုးကန့်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ (လားရှိုး)” က မေလ ၁၇ ရက်စွဲဖြင့် တရုတ်ဘာသာဖြင့် ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး ထုတ်ပြန်ချက်တွင် ယခုကျောင်းတွင်း အနိုင်ကျင့်မှု ဖြစ်စဉ်ကို ကိုင်တွယ်ဖြေရှင်းရန် အရေးပေါ် အထူးအစည်းအဝေးတစ်ရပ် ခေါ်ယူခဲ့ကြောင်း ဖော်ပြထားသည်။
ထုတ်ပြန်ချက်အရ အနိုင်ကျင့်ခံရသူနှင့် ကျူးလွန်သူများမှာ Shengguang School မှ ကျောင်းသားများဖြစ်ပြီး ဘေးမှ ဝိုင်းဝန်းကြည့်ရှုနေသူများထဲတွင် Guomin School မှ ကျောင်းသားများလည်း ပါဝင်နေကြောင်း သိရသည်။
ကိုးကန့်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့၏ အကြောင်းကြားစာတွင် ယခုဖြစ်စဉ်ကို ပြတ်ပြတ်သားသား ကိုင်တွယ်ဖြေရှင်းရန်၊ ပြဿနာ၏ အရင်းအမြစ်ကို ခွဲခြမ်းစိတ်ဖြာဆန်းစစ်ရန်နှင့် ယခုကဲ့သို့ ဆိုးဝါးသော ဖြစ်ရပ်မျိုး နောက်ထပ်တစ်ကြိမ် မဖြစ်ပွားစေရန် တားဆီးကာကွယ်သွားမည်ဟု ဆိုသည်။
ထို့ပြင် ကျောင်းသားများ၏ ကိုယ်ခန္ဓာနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ကာကွယ်စောင့်ရှောက်ရန်၊ ကျောင်းဝန်းအတွင်း လုံခြုံရေးနှင့် စည်းကမ်းများကို ထိန်းသိမ်းရန်အတွက် အစီအမံများနှင့် ကျောင်းတွင်း အနိုင်ကျင့်မှု ဆန့်ကျင်ရေး လုပ်ငန်းစဉ်များကို ချမှတ်ဆောင်ရွက်သွားမည်ဟု ဖော်ပြထားသည်။
“ဝိုင်းဝန်းနှိပ်စက်ခံရတဲ့ မိန်းကလေးငယ်ကတော့ အခုအချိန်မှာ မျက်နှာတစ်ပြင်လုံး ဖူးယောင်ဒဏ်ရာတွေနဲ့ စိတ်ဒဏ်ရာတွေ ရနေတာပါ။ ကျောင်းဆက်တက်ဖို့နေနေသာသာ ဆေးကုသဖို့အတွက်တောင် အပြင်မထွက်ရဲဘဲ အိမ်မှာပဲ ကြောက်လန့်ပြီး နေနေရတယ်” ဟု လားရှိုးမြို့မှ သတင်းရင်းမြစ်တစ်ခုက ပြောသည်။
ယင်းဖြစ်ရပ်အပေါ် လူမှုကွန်ရက်တွင် သိရှိကြသူများက ကျူးလွန်သူများကို ကျောင်းထုတ်ရုံမျှဖြင့် ပြစ်ဒဏ်ပျော့လွန်းသဖြင့် နောင်ကျဉ်သွားစေရန် ဥပဒေအရ ရဲအရေးပိုင်အမှုအဖြစ် ထိရောက်စွာ အရေးယူပေးရန် တိုက်တွန်းနေကြသည်။
လားရှိုးမြို့သည် စစ်ကောင်စီ ထိန်းချုပ်ထားသည့် မြို့ဖြစ်သော်လည်း တရုတ်စာသင်ကျောင်းများမှာ ဘုံကျောင်းစနစ်အရ ယခင်ကတည်းက ဒေသတွင်း တည်ရှိနေသည့် လူမျိုးစုအလိုက် ပညာရေးစနစ်တစ်ခု ဖြစ်ကြောင်း သိရသည်။
#MeKongNews
#လားရှိုး
#တရုတ်စာသင်ကျောင်း
#ကျောင်းတွင်းအနိုင်ကျင့်မှု
#မိန်းကလေးငယ်








