မဲခေါင်၊ မေ ၁၈
ရှမ်းပြည်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် အမျိုးသမီးငယ်တစ်ဦးအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်သူတစ်ဦးကို တအာင်းရဲတပ်ဖွဲက ဖမ်းဆီးလိုက်သည်ဟု တအာင်းတပ်ဖွဲ့-TNLA ထုတ်ပြန်ချက်အရ သိရသည်။
အမျိုးသမီးငယ်အပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ကျူးလွန်သူကို မေ ၉ ရက်တွင် တရားလိုဘက်မှ လာရောက် တိုင်ကြားသဖြင့် ယင်းနေ့တွင်ပင် ရဲတပ်ဖွဲ့က ကျူးလွန်သူကို သွားရောက်ဖမ်းဆီးနိုင်ခဲ့သည်ဟု ယမန်နေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင် နမ့်ဆန်မြို့နယ်ရှိ ကျေးရွာတစ်ရွာ၌ အသက် ၁၇ နှစ်အရွယ် လွေးချယ်ရီ (အမည်လွှဲ)ကို အိမ်နီးချင်းဖြစ်သူ ဦးထွန်းလူက လိင်ပိုင်းဆိုင်ရာ အဓမ္မ အကြမ်းဖက်မှု ကျူးလွန်ခဲ့ခြင်း ဖြစ်သည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အကြောင်းအမျိုးမျိုးကြောင့် မိသားစုဝင်များက ယခုနှစ်၊ မေ ၉ ရက်မှသာ တအာင်းရဲတပ်ဖွဲ့ထံသို့ သွားရောက်အမှုဖွင့်တိုင်ကြားနိုင်ခဲ့သည်။
“ကြားထဲမှာက ခြိမ်းခြောက်ခံရတာ တိုင်ကြားဖို့ခက်ခဲတဲ့ ပတ်ဝန်းကျင်အခြေအနေ အပါအဝင် အကြောင်းအမျိုးမျိုးကြောင့် မတိုင်ကြားနိုင်ခဲ့ဘူး။ အခုလမှ အမှုဖွင့်နိုင်ခဲ့တာ၊ အခုတော့ မုဒိမ်းမှု ကျူးလွန်သူကို ဖမ်းသွားပြီ”ဟု ဖြစ်စဉ်ကို သိရှိသူ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
လက်ရှိတွင် ပြစ်မှုကျူးလွန်သူကို နမ့်ဆန်မြို့နယ်ရဲတပ်ဖွဲ့မှ သွားရောက် ဖမ်းဆီးထိန်းသိမ်းထားပြီဖြစ်ပြီး ၎င်းကို တရားရုံးတွင် တရားစွဲ အရေးယူဆောင်ရွက်သွားမည်ဟု ဆိုသည်။
TNLA သည် ပြီးခဲ့သည့် ဧပြီ ၈ ရက်တွင်လည်း သက်ငယ်လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်သူတစ်ဦးကို ငွေဒဏ်အပြင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့သည်။
အကြမ်းဖက်မှုများကို တားဆီးနိုင်ရန် ပြည်သူများအားလုံး၏ ပူးပေါင်းပါဝင်မှု အရေးကြီးသောကြောင့် သံသယဖြစ်ဖွယ် အခြေအနေများ တွေ့ရှိပါက သက်ဆိုင်ရာ တာဝန်ရှိသူများထံ ချက်ချင်း အသိပေးတိုင်ကြားကြရန် TNLA က တိုက်တွန်းထားသည်။
#MeKongNews
#အမျိုးသမီးငယ်
#လိင်ပိုင်းဆိုင်ရာ
#အကြမ်းဖက်မှု
#တအာင်းရဲတပ်ဖွဲ့








