မဲခေါင်၊ မေ ၁၅
ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်းရှိ ကောင်ပြုဲင်ကျေးရွာ (တောင်ပြိုကျေးရွာ) တွင် မေ ၁၃ ရက်က တောင်ပြိုမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဒေသခံများ၏ ပြောကြားချက်အရ ကျေးရွာအနီးရှိ တောင်စောင်းမှာ ယခုတစ်ပတ်အတွင်း နေ့စဉ်မိုးဆက်တိုက် ရွာသွန်းနေခြင်းကြောင့် မြေသားများ ပျော့ပြောင်းလာကာ တောင်ပြိုကျမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဒီရက်ပိုင်း မိုးက နေ့တိုင်းရွာနေတာ။ မြေသားတွေ ပျော့လာပြီး ရွာဘေးကတောင် ပြိုကျလာတာပါ။ တောင်တစ်ခုလုံး ပြိုကျသွားလို့ ဒေသခံတွေက စိုးရိမ်နေကြတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
တောင်ပြိုမှုကြောင့် လူနေအိမ်များ ထိခိုက်ပျက်စီးမှု မရှိခဲ့သော်လည်း တောင်ပြို – တောင်ကြီးဘက်သို့ သွားလာသည့် လမ်းပိုင်းအချို့ ပြိုကျပျက်စီးသွားခဲ့ကြောင်း သိရသည်။
“သဘာဝဘေးအန္တရာယ်တွေက ကြိုတင်မခန့်မှန်းနိုင်ပေမယ့် သတိရှိမှုက အသက်ကယ်နိုင်တယ်။ မိုးရာသီဝင်လာတာနဲ့အမျှ တောင်စောင်းအနီး နေထိုင်သူတွေ ပိုပြီး ဂရုစိုက်ဖို့ လိုလာပြီ” ဟု ဒေသခံတစ်ဦးက မဲခေါင်သို့ ပြောသည်။
မိုးကြိုကာလတွင် မိုးအဆက်မပြတ် ရွာသွန်းမှုများကြောင့် တောင်ကြီးမြို့နယ်အတွင်း တောင်ပြိုခြင်း၊ မြေပြိုခြင်းများ ထပ်မံဖြစ်ပွားနိုင်သဖြင့် အန္တရာယ်ရှိဒေသများတွင် နေထိုင်သူများ အထူးသတိထားရန် လိုအပ်ကြောင်း ဒေသခံများက ဆိုသည်။
#MeKongNews
#တောင်ကြီး
#တောင်ပြိုကျေးရွာ
#တောင်ပြိုမှု








