မဲခေါင်၊ မေ ၅
ရှမ်းပြည်တောင်ပိုင်း၊ မိုင်းပန်မြို့နယ်တွင် အွန်လိုင်းငွေလိမ်ဂိုဏ်းမှ တရုတ်နိုင်ငံသား ၅၀ ကျော် အပါအဝင် ကျားဖြန့်များကို ဖမ်းဆီးမိသည်ဟု စစ်ကောင်စီက ယနေ့တွင် သတင်းထုတ်ပြန်သည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မေ ၄ ရက် မွန်းလွဲပိုင်းနှင့် ညပိုင်းတွင် မိုင်းပန်မြို့၏ ကျိုင်းတောင်း – မိုင်းပန် ကားလမ်းမအနီး၌ ကျားဖြန့်လုပ်ငန်းတွင် ပါဝင်သည့် “ဝ”အမျိုးသားတစ်ဦး၊ ရှမ်းအမျိုးသမီး ၂ ဦး၊ လားဟူအမျိုးသမီးတစ်ဦးနှင့် တရုတ်နိုင်ငံသား ကျားဖြန့် ၅၂ ဦးတို့ကို ဖမ်းမိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ထို့သို့ ဖမ်းဆီးမိမှုနှင့်အတူ ကျားဖြန့်များ နေထိုင်ခဲ့သည့် စခန်းတခုကိုလည်း လုပ်ငန်းတွင် အသုံးပြုသည့် ပစ္စည်းများနှင့်အတူ သိမ်းဆည်းရမိခဲ့သည်ဟုလည်း စစ်ကောင်စီက ဆိုသည်။
ယင်းကျားဖြန့်စခန်းကို ကျိုင်းတောင်း – မိုင်းပန်သွားကားလမ်း အရှေ့ဘက် ၂၀ ကီလိုမီတာ အကွာတွင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး အဆောက်အအုံများအတွင်း မီးရှို့ဖျက်ဆီးထားသည့် ကွန်ပျူတာများ၊ ကျားဖြန့်တွင်အသုံးပြုခဲ့သည့် အလျား ၂၅၀ ပေ အနံ ၃၀ ပေရှိ အလုပ်ရုံ ၃ ရုံ၊ အလျား ၁၀၀ ပေ အနံ ၃၀ ပေရှိ လူနေတဲ ၈ လုံး၊ ကွန်ပျူတာ ၁၂ လုံး၊ စတားလင့် ၄ လုံး၊ မီးစက်အကြီး ၂ လုံးဆက်စပ်ပစ္စည်းများအား သိမ်းဆည်းမိခဲ့သည်။
ယင်းနှင့် ပတ်သက်ပြီး ဖမ်းဆီးမိသူများအား လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်ပြီး အရေးယူဆောင်ရွက်သွားမည်ဟု စစ်ကောင်စီက ထုတ်ပြန်ချက်တွင် ဆိုသည်။
#MeKongNews
#မိုင်းပန်
#တရုတ်
#ကျားဖြန့်
#ဖမ်းမိ








