မဲခေါင်၊ မေ ၃
နိုင်ငံတကာအဏုမြူအေဂျင်စီ – IAEA ၏ ကြီးကြပ်မှုအောက်တွင် ယူရေနီယံသန့်စင်မှု အဆင့်ကို ကန့်သတ်ထားခြင်း မရှိကြောင်း ကုလသမဂ္ဂဆိုင်ရာ အီရန် အမြဲတမ်းသံအမတ်ကြီးရုံးက ပြောကြားသည်။
ယမန်နေ့က ၎င်းတို့၏ X လူမှုကွန်ရက်အကောင့်ပေါ်တွင် တင်ထားသော ပို့စ်တွင် နျူးကလီးယား မပြန့်ပွားရေးစာချုပ်- NPT အရ အမေရိကန်နိုင်ငံက ၎င်းတို့၏ နျူကလီးယား တာဝန်ဝတ္တရားများ လိုက်နာရန် ပျက်ကွက်ခဲ့ခြင်းကိုလည်း အလွန်ရှက်စရာ ကောင်းသောလုပ်ရပ်ဟု သံအမတ်ကြီးရုံးက ဝေဖန်ခဲ့သည်။
ကမ္ဘာတွင် နျူကလီးယားထိပ်ဖူးများ အများဆုံးပိုင်ဆိုင်ထားပြီး ၎င်းလက်နက်များကို ပြန့်ပွားအောင် လုပ်ဆောင်ရာတွင် နံပါတ်တစ်ဖြစ်သော အမေရိကန်နိုင်ငံသည် NPT စာချုပ်၏ ပုဒ်မ ၁ နှင့် ပုဒ်မ ၆ တို့အရ နျူကလီးယား မပြန့်ပွားရေး နှင့် နျူကလီးယားလက်နက် ဖြုတ်သိမ်းရေးဝတ္တရားများကို ၅၆ နှစ် လုံးလုံး မလိုက်နာခဲ့ကြောင်း နှင့် ယင်းမှာ ရှက်ဖွယ်လိလိဖြစ်ကြောင်း အီရန်ကုလမစ်ရှင်က ပြောကြားသည်။
အမေရိကန်၏ မတော်မတရား ၊ကြောင်သူတော် လုပ်ရပ်ကို ကာကွယ်ပေးစရာ အကြောင်းမရှိကြောင်းကိုလည်း မစ်ရှင်က ထပ်လောင်း ပြောကြားသည်။
အီရန်နိုင်ငံအတွက် အကန့်အသတ်မဲ့ ယူရေနီယံ သန့်စင်ခွင့်ကိုမူ မစ်ရှင်က ကာကွယ်ပြောကြားပြီး နိုင်ငံတကာအဏုမြူအေဂျင်စီ- IAEA ၏ ကြီးကြပ်မှုအောက်တွင် လုပ်ဆောင်နေသရွေ့ ယူရေနီယံသန့်စင်သော အဆင့်ကို မည်သည့် ကန့်သတ်ချက်မှ ချမှတ်မထားနိုင်ကြောင်း ထပ်မံ၍ အတည်ပြုပြောကြားသည်။
“တရားဝင်ဆိုရင် အီရန်နိုင်ငံက လုပ်ဆောင်နေသလိုမျိုး IAEA ရဲ့ ကြီးကြပ်မှုနဲ့ လုပ်ဆောင်နေသမျှ ကာလပတ်လုံး ယူရေနီယံသန့်စင်မှု အဆင့်မှာ ကန့်သတ်မှုမရှိပါဘူး ” ဟု အီရန် ကုလမစ်ရှင်က ထောက်ပြခဲ့သည်။
အီရန်နိုင်ငံ၏ သန့်စင်ပြီးသား ယူရေနီယံ အစုအဝေးတစ်ခုလုံးသည် IAEA ၏ ကြီးကြပ်မှုအောက်တွင် အပြည့်အဝရှိပြီး နျူကလီးယားပစ္စည်းများကို ခွဲထုတ်ခြင်းလည်း မရှိကြောင်း အီရန်မစ်ရှင်က ပြောကြားသည်။
အေးကျော်
Ref: Press TV
#MeKongNews
#အဏုမြူအေဂျင်စီ
#ယူရေနီယံသန့်စင်မှု
#အကန့်အသတ်မရှိ
#အီရန်








