မဲခေါင်၊ မေ ၃
ရှမ်းပြည်တောင်ပိုင်း၊ ဓနုဒေသ ရွာငံမြို့နယ်တောင်းတစ်နေရာတွင် လေသေနတ်နှင့် တောလိုက်နေသူတစ်ဦးကို တောတွင်းတစ်နေရာတွင် ဖမ်းဆီးရမိပြီး တရားစွဲတင်သဖြင့် ပင်းတယခရိုင်တရားရုံး ထောင်ဒဏ်တစ်သက် တစ်ကျွန်း ချမှတ်ခံရကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။
ရွာငံမြို့၊ စျေးအနောက်ဘက်၊ မြို့ကုန်းရပ်ကွက်နေ အသက် ၄၇ နှစ်ရှိ ကိုဆန်းထူးဆိုသူမှာ တောလိုက်အလုပ်ဖြင့် သက်မွေးဝမ်းကျောင်းပြုသူတစ်ဦး ဖြစ်ပြီး လွန်ခဲ့သည့် လအနည်းက ရွာငံနယ်အတွင်း လေသနတ်နှင့် တောလိုက်သွားရာမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ပြီး တရားရုံးစွဲတင်ခဲ့ရာတွင် ပြီးခဲ့သည့် သင်္ကြန်ပြီးကာလက ပင်းတယခရိုင်တရားရုံးက တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်သဖြင့် ညောင်ရွှေအကျဥ်းထောင်သို့ ရောက်ရှိသွားကြောင်း သိရသည်။
“စကတည်းက ဖမ်းတဲ့အဖွဲ့က တောတွင်းဆက်နွယ်တယ်ဆိုပြီးလုပ်လို့ ပုဒ်မကြီးတယ်။ ဆင်းရဲတော့ ငွေမတတ်နိုင်တာလည်း ပါတယ်။ ခုလည်း အယူခံဝင်ဖို့ မတတ်နိုင်ရှာဘူးလို့ သိရတယ်၊ သူ့မိသားစုကတော့ တောထဲန ဘာမှမပတ်သက်ဘူး။ မုဆိုးအလုပ်လုပ်စားတာပဲ ရှိတယ်လို့ ပြောတယ်”ဟု နီးစပ်သူတစ်ဦးက ပြောသည်။
၎င်းတွင် ဇနီးနှင့် ကလေး ၃ ဦး ကျန်ရစ်ပြီး ဒုက္ခရောက်နေသည်ဟု ဆိုသည်။
ယင်းရွာငံ၊ ပင်းတယနယ်မှာ တော်လှန်ရေးအဖွဲ့များ အားကောင်းသဖြင့် စစ်အုပ်စုစစ်ကြောင်းများ၊ ပျူစောထီးများ မကြာခဏ တိုက်ခိုက်ခံနေရသဖြင့် ယခုကဲ့သို့အမှုမျိုး ဖြစ်ပွားနေရကြောင်း ဒေသခံများက ဝေဖန် ပြောကြားလျက်ရှိသည်။
#MeKongNews
#ရွာငံ
#လေသေနတ်
#တောလိုက်သူ
#ဖမ်းဆီး








