မဲခေါင်၊ မေ ၂
တာချီလိတ်မြို့ရှိ 171 အိမ်ရာနှင့် ဟုန်ချိန်ကုန်တိုက်အနောက်ရှိ တိုက်ခန်းများ၌ တရုတ်နိုင်ငံသား ရာနှင့်ချီ၍ အွန်လိုင်းလိမ်လည်မှု ကျားဖြန့် လုပ်ငန်းများကို ဗြောင်ကျကျ လုပ်ကိုင်နေကြပြီး အိမ်ခြံမြေစီမံခန့်ခွဲသူများကလည်း ငွေကြေးအမြောက်အမြားရယူကာ တိတ်တဆိတ် ခွင့်ပြုပေးထားကြောင်း စုံစမ်းသိရှိရသည်။
တာချီလိတ်မြို့ရှိ 171 အိမ်ရာ လုံးချင်းအဆောက်အအုံတွင် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ တရုတ်နိုင်ငံသား ၃၀၀ ခန့်ရှိနေပြီး ၎င်းတို့သည် လက်တော့ပ်ကွန်ပျူတာများကို အသုံးပြုကာ လိမ်လည်မှုလုပ်ငန်းများ လုပ်ကိုင်နေကြခြင်းဖြစ်ကြောင်း၊ ယင်းလုပ်ငန်းများကို အိမ်ခြံမြေစီမံခန့်ခွဲမှုကုမ္ပဏီက သိရှိသော်လည်း မြင့်မားသော အိမ်ငှားရမ်းခများကို ကောက်ခံကာ ကျားဖြန့်လုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တိတ်တဆိတ် ခွင့်ပြုထားကြောင်း ဒေသခံများက ဆိုသည်။
အလားတူ တာချီလိတ်မြို့၊ ဟုန်လုံညဈေးအတွင်းရှိ ဟုန်ချိန်ကုန်တိုက် အနောက်ဘက်ရှိ တိုက်ခန်းများတွင်လည်း လိမ်လည်မှုတွင် ပါဝင်ပတ်သက်နေသည့် တရုတ်နိုင်ငံသား အနည်းဆုံး ၂၀၀ ခန့် ရှိနေကြောင်း သိရသည်။
“တိုက်ခန်းစီမံခန့်ခွဲမှုအဖွဲ့က ဒီတရုတ်တွေကို အခန်းထဲမှာ လိမ်လည်မှုတွေလုပ်ဖို့ တိတ်တဆိတ် ခွင့်ပြုထားတာပါ။ နှုတ်နဲ့တော့ တားမြစ်ထားတယ်လို့ ပြောပေမဲ့ တကယ်တမ်း အခန်းတွေကို လာစစ်တဲ့အခါ ကွန်ပျူတာတွေနဲ့ လိမ်လည်နေတာ တွေ့နေရတာတောင် ဘာမှမမြင်သလိုမျိုး ဟန်ဆောင်ပြီး ထွက်သွားကြတာ” ဟု အခြေအနေကို သိရှိသူတစ်ဦးက ပြောသည်။
တာချီလိတ်မြို့တွင် အွန်လိုင်းလိမ်လည်မှု ကျားဖြန့်လုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ရှိနေဆဲဖြစ်ပြီး အိမ်ခြံမြေငှားရမ်းခမှတစ်ဆင့် အကျိုးအမြတ်ရယူလိုသူများနှင့် တာဝန်ရှိသူအချို့၏ ဖုံးကွယ်ပေးမှုများကြောင့် အမြစ်ပြတ်အောင် နှိမ်နင်းနိုင်ခြင်းမရှိဘဲ ဖြစ်နေကြောင်း ဒေသခံများက ဝေဖန်ထောက်ပြနေကြသည်။
#MeKongNews
#တာချီလိတ်
#ကျားဖြန့်
#ဟုန်ချိန်ကုန်တိုက်
#တရုတ်နိုင်ငံသား








