မဲခေါင်၊ မေ ၂
မိုင်းတုံမြို့နယ်အနီးတဝိုက်မှ ခိုးထုတ်လာသည့် သစ်များကို ရှမ်းအရှေ့မှ မြို့နယ်များကို ဖြတ်ကာ တာချီလိတ်မှတဆင့် မဲခေါင်မြစ်အတိုင်း သင်္ဘောဖြင့် တင်ဆောင်ပြီး တရုတ်နိုင်ငံသို့ မှောင်ခိုတင်ပို့နေကြောင်း မဲခေါင်သတင်းဌာနက စုံစမ်းသိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ၁၀ ဘီးကား ၅စီးစာ သစ်များကို တာချီလိတ်မြို့နယ်၊ ကျိုင်းလတ်မြို့ဆိပ်ကပ်မှ တဆင့် မဲခေါင်မြစ်အတိုင်း သင်္ဘောဖြင့် တင်ဆောင်သွားကြောင်း ယင်းလုပ်ငန်းမှ သတင်းရင်းမြစ်များက ပြောသည်။
“သက်ဆိုင်ရာအားလုံးကို ညှိနှိုင်းပြီး ပို့နေတာ။ အရင်ရက်ကပဲ ၅စီးထွက်သွားတယ်” ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
တရားမဝင်သစ်များကို မှောင်ခိုတင်ပို့သူမှာ အားချင်ဆိုသည့် ကုန်သည်ဖြစ်ပြီး မိုင်းတုံမှတဆင့် မိုင်းဆတ်၊ မိုင်းခုတ်သို့ တင်ဆောင်ပြီး ဘူရှီးလမ်းခွဲမှတဆင့် မိုင်းဖြတ်မြို့ကို ဝင်ကြောင်း၊ ယင်းမှတဆင့် တာလေ-ကျိုင်းလတ် လမ်းကြောင်းအတိုင်း သယ်ဆောင်ပြီးမဲခေါင်မြစ်ဆိပ်ကမ်းသို့ သယ်ဆောင်သွားခြင်းဖြစ်ကြောင်း လမ်းကြောင်းအခြေအနေ သိသူတစ်ဦးကပြောသည်။
“မဲခေါင်မြစ်ဆိပ််ရောက်ရင် သင်္ဘောပေါ်ပြောင်းတင်တယ်။ ပြီးရင် တရုတ်ပြည်ကိုသွားတာ” ဟု ၎င်းက ပြောသည်။
ရှမ်းပြည်အရှေ့ပိုင်းရှိ မိုင်းတုံမြို့နယ်နှင့် မိုင်းဆတ်မြို့နယ်အနီးတဝိုက်မှ သစ်များကို တရားမဝင်ခိုးထုတ်ပြီး လမ်းကြောင်းမျိုးစုံဖြင့် တရုတ်နိုင်ငံသို့ မှောင်ခိုတင်ပို့နေကြောင်း ဒေသခံများထံမှ သိရသည်။
#MeKongNews
#ရှမ်းအရှေ့
#သစ်မှောင်ခို
#မဲခေါင်မြစ်
#တရုတ်နိုင်ငံ








