မဲခေါင်၊ မေ ၂
ရှမ်းပြည်မြောက်ပိုင်း၊ မုံးကိုးမြို့နယ်တွင် အရပ်သားအဖြစ်သာ နေလိုသည့် TNLA – တအာင်းတပ်ဖွဲ့ဝင်ဟောင်းများကို ကိုးကန့်တပ်ဖွဲ့ – MNDAA ထဲ စစ်မှုလာမထမ်းသဖြင့်ဟုဆိုကာ MNDAA က ပိုင်ဆိုင်မှုသိမ်းပြီး ရွာမှ နှင်ထုတ်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် ဧပြီ ၂၄ရက်တွင် MNDAA တပ်ဖွဲ့ဝင် ၁၀ ဦးကျော်သည် မုံးကိုးမြို့နယ်၊ ပန်စီတိုင်ကျေးရွာသို့ ရောက်ရှိလာပြီး TNLA တပ်ဖွဲ့ဝင်ဟောင်းများကို ဧပြီ ၂၈ ရက် နောက်ဆုံးထားကာ MNDAA တပ်ဖွဲ့သို့ ဝင်ရောက် စစ်မှုထမ်းရမည်ဟု ပြောဆိုခဲ့သည်။
ထိုသို့ပြောဆိုပြီးနောက် MNDAA တပ်ဖွဲ့သို့ ဝင်ရောက်ပြီး စစ်မှုမထမ်းသည့် TNLA တပ်ဖွဲ့ဝင်ဟောင်း မိသားစုဝင်များ၏ နေအိမ်နှင့် လယ်ယာများကိုလည်း MNDAA က ဧပြီ ၂၈ ရက်တွင် သိမ်းယူလိုက်ပြီး မိသားစုဝင်များကိုလည်း ရွာပြင်နှင်ထုတ်လိုက်သည်ဟု ဖြစ်စဥ်ကို သိရှိသူ ဒေသခံတစ်ဦးက ပြောသည်။
“အခု နှင်ထုတ်ခံရတဲ့ မိသားစုဝင်တွေက အမေတစ်ယောက်ရယ်၊ ကလေးတစ်ယောက်ရယ်နဲ့ မိန်းမကလည်း ကိုယ်ဝန် ၇ လရှိပြီ။ ပလောင်စစ်သားလုပ်ဖူးတဲ့ သားက ကိုးကန့်ထဲဝင်ခိုင်းတာ မဝင်ပဲ ထွက်ပြေးလို့တဲ့။ အခုတော့ တစ်အိမ်လုံးကို သိမ်းလိုက်တယ်။ သူတို့လယ်ယာတွေလည်း သိမ်းလိုက်တယ်။ ပြန်မလာနဲ့တဲ့။ ကိုးကန့်စစ်တပ် လုပ်တာကို တရွာလုံးဘယ်သူမှ မကြိုက်ဘူး၊ ကြောက်လို့ ပြန်မပြောရဲကြတာ။ လူထုတွေက ဒုက္ခရောက်လွန်းတယ်ဗျာ” ဟု ရွာပြင်နှင်ထုတ်ခံရသည့် တအာင်းတပ်ဖွဲ့ဝင်ဟောင်း၏ မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ကိုးကန့်တပ်ဖွဲ့ နှင့် တအာင်းတပ်ဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားပြီးနောက် မုံးကိုးမြို့နယ်ထဲရှိ တအာင်းကျေးရွာမှ TNLA တပ်ဖွဲ့ဝင်များကို MNDAA တပ်ဖွဲ့က ၎င်းတို့ထံ ပြောင်းလဲ စစ်မှုထမ်းရန် ဖိအားပေးခဲ့ပြီး အချို့ TNLA တပ်ဖွဲ့ဝင်များကိုမူ ဖမ်းဆီးပြီး MNDAA တွင် စစ်မှုထမ်းခိုင်းခဲ့သည်။
“ပြဿနာတွေ စဖြစ်တုန်းက ပြောတာတော့ ကိုးကန့်တပ်ထဲ မပြောင်းလည်း ရတယ်။ အရပ်သားအဖြစ် အေးဆေးနေလို့ရတယ် ပြောပြီး အခုကျတော့ သူတို့ထဲ မပြောင်းလို့ ဆိုပြီး အိမ်တွေကိုသိမ်းသွားတယ်။ မိသားစုဝင်တွေကိုလည်း ရွာပြင်နှင်ထုတ်တယ်”ဟု ဒေသခံ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ပြီးခဲ့သည့် မတ်လအတွင်းတွင်လည်း TNLA တပ်ဖွဲ့ဝင်များဖြစ်သည့် နမ်ဝါကျေးရွာမှ ၅ ဦး၊ ရှောက်ရွှေကျင်ရွာမှ ၂ ဦး၊ ပန်စီတိုင်ရွာမှ ၁ ဦးနှင့် နမ့်ဟာရွာမှ ၁ ဦး စုစုပေါင်း ၉ ဦးကို MNDAA က.ဖမ်းဆီးခဲ့ရာ ၅ ဦးကိုသာ ပြန်လွှတ်ပေးခဲ့ပြီး ကျန် ၄ ဦးကိုမူ ကိုးကန့်တပ်ဖွဲ့တွင် အတင်းအဓမ္မ စစ်မှုထမ်းခိုင်းခဲ့သည်။
၁၀၂၇ စစ်ဆင်ရေးပြီးနောက်ပိုင်း မုံးကိုးမြို့နယ်တွင် နေထိုင်သည့် တအာင်းလူမျိုးများကို ကိုးကန့်တပ်ဖွဲ့က လူသစ်စုဆောင်းသွားသည်မှာ ၂၀၀ ဦးကျော်ရှိပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
#MeKongNews
#မုံးကိုး
# စစ်မှုမထမ်း
#TNLA
#မိသားစုဝင်
#MNDAA
#နှင်ထုတ်








