မဲခေါင်၊ ဧပြီ ၁၉
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်၊ ပူနားကိုကျေးရွာတွင် ဈေးဆိုင်ခန်းများ ယမန်နေ့က မီးလောင်ကျွမ်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့ ဧပြီလ ၁၈ ရက် နေ့လယ်ပိုင်းက မိုင်းဆတ်မြို့နယ်၊ မိုင်းတွမ်းမြို့၊ ပူနားကိုကျေးရွာရှိ အိမ်ဆိုင်တန်းလျားတစ်ခုတွင် ဖုန်းဆိုင်အတွင်းမှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ဘေးကပ်လျက်ရှိသော အထည်ဆိုင်နှင့် အရုပ်ဆိုင်များသို့ပါ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။
“မီးစလောင်တဲ့ ဖုန်းဆိုင်က ကိုတူးတို့ဆိုင်ပါ။ သူတို့အပြင်သွားနေကြတယ် ထင်တယ်၊ ဆိုင်က သော့ခတ်ထားတာ။ အထဲမှာ လောင်နေတာကို ချက်ချင်းမငြိမ်းနိုင်လို့ ပိုဆိုးသွားတာ၊ မီးသတ်ကား ရောက်လာပြီးမှပဲ မီးကို ထိန်းနိုင်သွားတယ်” ဟု မိုင်းတွမ်းဒေသခံတစ်ဦးက ပြောသည်။
မီးလောင်မှုကြောင့် လူတစ်ဦးတွင် ထိခိုက်ဒဏ်ရာ အနည်းငယ်ရရှိခဲ့ပြီး ကျန်ရှိသူများ ထိခိုက်မှုမရှိကြောင်း သိရသော်လည်း ဖုန်းဆိုင်နှင့် အထည်ဆိုင်များရှိ ကုန်ပစ္စည်းများစွာ ပျက်စီးဆုံးရှုံးခဲ့ရသည်။
မိုင်းတွမ်းမြို့သည် မိုင်းဆတ်မြို့မှ မိုင် ၅၀ ခန့်အကွာတွင်ရှိပြီး မိုင်းဆတ်-တာချီလိတ်သွား ကားလမ်းမပေါ်တွင် တည်ရှိသော မြို့နယ်ခွဲတစ်ခုဖြစ်သည်။
#MeKongNews
#မိုင်းဆတ်
#ပူနားကို
#မီးလောင်
#ဈေးဆိုင်ခန်း








