မဲခေါင်၊ ဧပြီ ၁၀
စစ်ကောင်စီအစိုးရတွင် ရဲချုပ်အဖြစ် ကာကွယ်ရေးဝန်ကြီးဌာနမှ ယခင် ကျိုင်းတုံအခြေစိုက် တြိဂံတိုင်း စစ်တိုင်းမှူးဖြစ်သူ ဗိုလ်ချုပ်စိုးလှိုင်အား ခန့်အပ်လိုက်ကြောင်း သမ္မတရုံးက ယနေ့ ထုတ်ပြန်သည်။
၂၀၂၅ နှစ်ကုန်ပိုင်းက တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ်မှ အမှတ် (၄) စစ်ဆင်ရေးအထူးအဖွဲ့မှူးအဖြစ် ရာထူးတိုးပြီးနောက် အရန်အင်အားသို့ ပို့ဆောင်ခံလိုက်ရသည့် သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် ယခုအခါ ရဲချုပ်အဖြစ် ပြန်လည် ထွက်ပေါ်လာခြင်း ဖြစ်သည်။
ဗိုလ်ချုပ် စိုးလှိုင်သည် အလုပ်သင်ဗိုလ် သင်တန်းကျောင်း ( တေဇ -၂၁ ) ဆင်းတစ်ဦးဖြစ်ပြီး အမှတ် (၁၂) တပ်မတော် တန်းမြင့် လေ့ကျင့်ရေးသင်တန်း ကျောင်းအုပ်ကြီး ဖြစ်ခဲ့သလို အာဏာသိမ်း ကာလအတွင်း တပ်မ – ၉၉ တပ်မမှူးမှ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ တြိဂံတိုင်းစစ်ဌာနချုပ် တိုင်းမှူး စသော တာဝန်များ ထမ်းဆောင်ခဲ့သည်။
“အစောပိုင်းကပဲ အကြမ်းဖက်တိုက်ဖျက်ရေး သင်တန်းတက်ထားသူတွေ အားလုံး ပြန်ခေါ်စုဖွဲ့နေတာ။ ရှေ့တန်းအလှည့်ကျ ပို့လွှတ်ဖို့ ကွန်မန်ဒိုသင်တန်းတွေတက်ခိုင်းဖို့တွေ လုပ်နေတာတွေ ရှိနေတာ။ ရဲချုပ် ထပ်ပြောင်းတော့ ဘာတွေလာဦးမလဲ မသိဘူး”ဟု ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ယခင် ရဲချုပ် ရဲဒုဗိုလ်ချူပ်ကြီး ဝင်းဇော်မိုးမှာမူ အနားပေးခံရသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း အတည်ပြု၍ မရသေးပေ။
#MeKongNews
#တြိဂံတိုင်း
#စစ်တိုင်းမှူး
#ဗိုလ်ချုပ်
#စိုးလှိုင်
#ရဲချုပ်








