မဲခေါင်၊ ဧပြီ ၉
ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ရွှေတောင်ရပ်ကွက်တွင် အိမ်ခန်းငှားနေထိုင်သူများအကြား ရန်ဖြစ်ပြီးနောက် မီးရှို့မှုဖြစ်ပွားခဲ့ရာ လူ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။
မီးလောင်မှုမှာ ဧပြီ ၈ ရက် ည ၁၀ နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးအရှိန် ပြင်းထန်သဖြင့် အနီးပတ်ဝန်းကျင်သို့ လျင်မြန်စွာ ကူးစက် လောင်ကျွမ်းခဲ့ပြီး မီးလောင်မှုကြောင့် ဖုန်းဆိုင်တစ်ဆိုင် အပါအဝင် အိမ်တစ်လုံး မီးသင့်ပျက်စီးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးမှာ ကျပ်သိန်း ၁၀၀ ကျော်ရှိကြောင်း သိရသည်။
“သူတို့ ရန်ဖြစ်ပြီး မကြာခင်ပဲ မီးလောင်သွားတာပါ။ မီးက အရမ်းပြင်းလို့ ခဏလေးအတွင်း ဖုန်းဆိုင်နဲ့ အိမ်ကိုပါ ကူးသွားတယ်။ မီးရှို့တဲ့သူကိုတော့ ရဲက ချက်ချင်း ဖမ်းသွားတယ်။ အချင်းချင်း ရန်ဖြစ်တာကို ခုလို မီးရှို့တဲ့အထိတော့ မလုပ်သင့်ဘူး။ အခုလိုလုပ်တဲ့သူကို ထိထိရောက်ရောက် အရေးယူစေချင်ပါတယ်” ဟု ရွှေတောင်ရပ်ကွက်နေ ဒေသခံတစ်ဦးက ပြောသည်။
မီးအရှိန်ပြင်းမှုကြောင့် ရပ်ကွက်နေ ပြည်သူများနှင့် မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းကာ အချိန်ကြာမြင့်စွာ ကြိုးပမ်း ငြှိမ်းသတ်ခဲ့ရပြီးနောက်မှ မီးကို ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။
“လူတွေ အများကြီး ထွက်လာပြီး ဝိုင်းငြှိမ်းကြတာ၊ မီးသတ်ကားတွေတောင် ဝင်ရခက်တဲ့အခြေအနေ ဖြစ်ခဲ့တယ်” ဟု ရပ်ကွက်နေ အမျိုးသမီးတစ်ဦးက ဆိုသည်။
လက်ရှိတွင် ဒဏ်ရာရရှိသူများမှာ စဝ်စံထွန်းဆေးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။
#MeKongNews
#တောင်ကြီး
#ရန်ဖြစ်
#မီးရှို့
#မီးလောင်မှု
#ဒဏ်ရာရ








