မဲခေါင် ၊ ဧပြီ ၈
ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ မိုင်းယော်တိုက်နယ်ဒေသတွင် ကိုးကန့်တပ်ဖွဲ့ – MNDAA က ဒေသခံ တအာင်း တိုင်းရင်းသားများကို ဖမ်းဆီးပြီး အဓမ္မ တပ်သားသစ် စုဆောင်းနေသည်ဟု စုံစမ်းသိရှိရသည်။
မိုင်းယော်ဒေသ လွယ်လင်ကျေးရွာနေ အိုက်လောဝ်၊ အိုက်အေ ဆိုသူ ၂ ဦးကို မတ် ၂၈ ရက်နှင့် အိုက်ခမ်း၊ အောင်လူ၊ ကျန်တိတို့ ၃ ဦးကို ဧပြီ ၃ ရက်တို့တွင် စစ်မှုထမ်းရန် MNDAA ကဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း သိရသည်၊
ထို့ပြင် မိုင်းယော်ဒေသ လွယ်ဝိုင်းရွာတွင်လည်း ယခု ဧပြီလ ပထမပတ်အတွင်းမှာပင် ဒေသခံများက ရွာပိုင် သစ်တောတွင် မီးသွေးဖုတ်ရန် သွားစဉ် ဒေသခံ ၁၀ ဦးကို MNDAA က ဖမ်းဆီးကာ စစ်မှုထမ်းခိုင်းရန် စစ်သင်တန်းသို့ ပို့ဆောင်လိုက်သည်ဟုလည်း သတင်းရင်းမြစ်များထံမှ သိရသည်။
“ကိုးကန့်တပ်က ဖမ်းသွားတာ အကုန်လုံးက ပလောင်တွေပဲ အဖမ်းခံရတာ စုစုပေါင်း ၁၀ ယောက်ကျော်ပြီ၊ ဖမ်းပြီး စစ်မှုထမ်းခိုင်းတာ။ မိုင်းယော်မှာက ရွာတွေဖက်က တရုတ်တွေ၊ ကိုးကန့်တွေ တယောက်မှ မရှိဘူး။ အဲဒါ သူတို့လူမျိုးလည်း မဟုတ်ပဲနဲ့ ဖမ်းပြီး စစ်မှုထမ်းခိုင်းနေတာ”ဟု ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
မိုင်းယော်ဒေသတွင် ကိုးကန့်တပ်၊ တအာင်းတပ် နှင့် “ဝ”တပ်ဖွဲ့ တို့က လှုပ်ရှားလျက်ရှိသော်လည်း ကိုးကန့်တပ်က အင်အားအများဆုံး ဖြန့်ကြက်လှုပ်ရှားကာ စိတ်ကြိုက် တပ်သားသစ် စုဆောင်းနေခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“တအာင်းတပ်ရော “ဝ”တပ်ရော လှုပ်ရှားတာတွေ ရှိပေမယ့်၊ သိန္နီနဲ့လည်း နီးနေတော့ ကိုးကန့်က အင် အားအများဆုံး ဖြန့်ပြီး လှုပ်ရှားနေတာ။သူတို့ ကိုးကန့်တရုတ်လူမျိုး တရွာမှ မရှိဘူး။ ပလောင်ရွာတွေပဲ ဆိုပေမယ့် စိတ်ကြိုက် တပ်သား စုဆောင်းရေးတွေကို ပုံစံအမျိုးမျိုးနဲ့ လုပ်နေတယ်”ဟု ရှမ်းမြောက် သတင်းရင်းမြစ်က ပြောသည်။
မိုင်းယော်ဒေသသည် ခေတ်အဆက်ဆက် စစ်ပွဲဒဏ်များကြောင့် ဒေသဖွံ့ဖြိုးမှု နိမ့်ကျကာ ပညာသင်ကြားခွင့်လည်း ဆုံးရှုံးမှုများပြားသည့်နေရာ ဖြစ်သည်။
#MeKongNews
#မိုင်းယော်
#ဒေသခံ
#တပ်သားသစ်
#MNDAA








