မဲခေါင်၊ မတ် ၉
တာချီလိတ်မြို့မှတစ်ဆင့် ထိုင်းနိုင်ငံသို့ တင်ပို့နေသည့် ထောပတ်သီးများကို ထိုင်းနိုင်ငံဘက်မှ အဝင်မခံတော့သဖြင့် တင်ပို့သူကုန်သည်များ အမြောက်အမြား အရှုံးပေါ်နေကြောင်း ကုန်သည်များထံမှ သိရသည်။
ယင်းထောပတ်သီးများကို ပြီးခဲ့သည့် ဖေဖော်ဝါရီလကုန်အထိ ပုံမှန်တင်သွင်းခွင့်ရရှိခဲ့သော်လည်း မတ်လဆန်းပိုင်းမှစ၍ ထိုင်းအကောက်ခွန်ဌာနက တင်သွင်းမှုကို ရုတ်တရက် ပိတ်ပင်လိုက်ခြင်းဖြစ်ကြောင်း ကုန်သည်များထံမှ သိရသည်။
“ထိုင်းက ရုတ်တရက်ကြီး ပိတ်လိုက်တာ။ အရင်ကတည်းက ထောပတ်သီးက တရားဝင်လမ်းကြောင်းမဟုတ်ဘဲ နယ်စပ်ကနေ ပို့နေရတာဆိုတော့ ပုံမှန်ရောင်းရမယ်အထင်နဲ့ သယ်လာကြတာ။ အခုလို ပိတ်လိုက်တော့ အရမ်းနစ်နာကုန်ကြတာပေါ့” ဟု တာချီလိတ်ရှိ ထောပတ်သီးကုန်သည်တစ်ဦးက ပြောသည်။
၂၅ ကီလိုဂရမ်ပါ ထောပတ်သီးတစ်ဖာလျှင် အရင်းဈေး ကျပ် ၂ သိန်းခွဲ (တစ်ကီလိုလျှင် ကျပ် တစ်သောင်းခန့်) ရှိသော်လည်း၊ ယခုအခါ တာချီလိတ်၌ တစ်ကီလိုလျှင် ထိုင်းဘတ်ငွေ ၁၀ ဘတ် (ကျပ် တစ်ထောင်ကျော်) ဖြင့်သာ ပြန်လည်ရောင်းချနေရကြောင်း၊ အချို့ကုန်သည်များမှာ ရောင်းမထွက်တော့သဖြင့် အလကားပေးဝေခြင်းနှင့် စွန့်ပစ်ခြင်းများပါ ပြုလုပ်နေကြရကြောင်း သိရသည်။
“အလကားပေးဖို့တောင် အသီးတွေပျက်ကုန်တော့ စွန့်ပစ်ရတာ၊ အရမ်းရှုံးနေပြီ” ဟု ထောပတ်သီးကုန်သည်တစ်ဦးက ဆိုသည်။
ယနေ့ မတ်လ ၉ ရက် နံနက်ပိုင်းတွင် တာချီလိတ်မြို့၊ ဆေးရုံဟောင်းရှေ့၌ ထောပတ်သီးကုန်စည်ဒိုင်တစ်ခုက အချိန် ၄,၀၀၀ ကျော်ရှိသော ထောပတ်သီးများကို အများပြည်သူထံ အခမဲ့ ပေးဝေခဲ့သလို အခြားကုန်သည်တစ်ဦးကလည်း အထားမခံသဖြင့် စွန့်ပစ်ရသည့် ထောပတ်သီးများ တန်ချိန်ဆယ်ချီရှိနေပြီဖြစ်ကြောင်း ပြောသည်။
ထောပတ်သီးအမျိုးအစားများမှာ Hass နှင့် Both 7 စသည်ဖြင့်ရှိကြပြီး Hass မှာ ပြည်ပဈေးကွက်ဝင်သီးနှံဖြစ်ရာ ပြီးခဲ့သည့် ဇန်နဝါရီလက တစ်ကီလိုလျှင် ဘတ် ၁၀၀ အထိ ဈေးရရှိခဲ့သော်လည်း၊ လက်ရှိတွင် ထိုင်းဘက်က အဝယ်မရှိတော့သဖြင့် ဈေးကွက်ပျက်သွားပြီ ဖြစ်သည်။
စိုက်ပျိုးရေးပညာရှင်တစ်ဦးကမူ “လက်ရှိ ကုန်သည်ပွဲစားတွေ အထိနာနေတာကနေ နောက်ပိုင်းမှာ စိုက်ပျိုးတဲ့ခြံတွေဆီကိုပါ ဂယက်ရိုက်လာမှာပါ။ အရှုံးများတော့ နောက်ရာသီမှာ အဝယ်ကျသွားနိုင်တယ်” ဟု မဲခေါင်သို့ ပြောသည်။
ထောပတ်သီးကို ရှမ်းပြည်နယ်အတွင်းရှိ ပင်းတယ၊ ဟိုပုံး၊ ညောင်ရွှေ၊ အောင်ပန်းနှင့် ပြင်ဦးလွင်မြို့တို့တွင် အများအပြား စိုက်ပျိုးကြကြောင်း သိရသည်။
#MeKongNews
#တာချီလိတ်
#ထောပတ်သီး
#ထိုင်းနိုင်ငံ
#နယ်စပ်








