မဲခေါင်၊ မတ် ၄
ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်တွင် ဓာတ်ဆီ ဒီဇယ်များကို ရောင်းချချိန်ကန့်သတ်ပြီး ဆိုင်ကယ် တစီး ၅၀၀၀ကျပ် အိမ်သုံးကား တစီး ၃သောင်းကျပ်သာ ရောင်းချပေးနေကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
သတ်မှတ်ချက်အရ ကျိုင်းတုံမြို့နယ်တွင် ဆီပန့်ဆိုင်တဆိုင်လျှင် သတ်မှတ်ထားသည့်အချိန်အတွင်း တရက် သုံးနာရီသာ ရောင်းချခွင့်ရမည်ဖြစ်သည်။
“ဆီမပြတ်အောင် ပါဆယ်တော့ မရောင်းပေးတော့ဘူး။ ဆိုင်ကယ်ဆို တစီး ၅၀၀၀ ကျပ်ဖိုးနဲ့ အိမ်စီးကားဆို တစီး သုံးသောင်းဖိုးပဲရောင်းပေးတယ်။ ဆိုင်တွေကလည်း တရက်ကို သုံးနာရီပဲ ရောင်းခွင့်ရှိတယ်။ ဆိုင် ၁ က မနက် ၆နာရီကနေ ၉ နာရီထိဆို ဆိုင်၂ ၉နာရီကနေ ၁၂ နာရီထိ အဲ့လိုမျိုးရောင်းရတာပေါ့” ဟု ကျိုင်းတုံမြို့ခံတစ်ဦးကပြောသည်။
ကျိုင်းတုံမြို့နယ် စက်သုံးဆီရောင်းဝယ်ရေးအသင်း သတ်မှတ်ချက်တွင်လည်း တဆိုင်လျှင် ၃ နာရီသာရောင်းချရမည်ဖြစ်ကာ တချိန်လျှင် ဆိုင် ၅ ဆိုင်ခန့် ဖွင့်လှစ်ရောင်းချပေးမည်ဖြစ်ကြောင်း တွေ့ရသည်။
“ဆိုင်တိုင်းက တစ်ရက် ၃ နာရီပဲ ရောင်းခွင့်ရှိတယ် ၃ နာရီဆိုတာကလည်း သူ့ဆိုင်အချိန်နဲ့သူ သတ်မှတ်ထားတယ် ရောင်းချင်တဲ့အချိန် ရောင်းလို့မရဘူး။ အချိန်တိုင်းမှာတော့ အချိန်တူ ရောင်းချပေးတဲ့ ဆိုင်က ၅ ဆိုင်ခန့်ဖြစ်မှာပေါ့။ အချိန်ဇယားကို ကြည့်ပြီး ဘယ်အချိန်မှာ ဘယ်ဆိုင်က ရောင်းပေးတာကို ကြည့်ပြီး ဆီဖြည့်ရမယ့်ပုံစံပေါ့”ဟု သတင်းရင်းမြစ်ကပြောသည်။
ထိုင်းဘက်မှ ပြည်ပလောင်စာဆီတင်ပို့မှု ရပ်ဆိုင်းလိုက်ပြီးနောက် ရှမ်းရှေ့ကျိုင်းတုံတွင် ယခုကဲ့သို့ လောင်စာဆီများကို အလှည့်ကျ ကန့်သတ်ချက်ဖြင့် ရောင်းချလာခြင်းဖြစ်သည်။
ဓာတ်ဆီ၊ ဒီဇယ်များကို ယခုကဲ့သို့ ကန့်သတ်ချက်ဖြင့် ရောင်းချလာသော်လည်း ဆီဈေးမှားမှ ၃၀၀၀ ကျပ်ဝန်းကျင်တွင် တည်ရှိနေဆဲဖြစ်သည်။
“မြို့ထဲတော့ ဆီစျေးတွေထိုးမတက်သေးဘူး။ ပုံမှန်မှာတော့ ရှိနေသေးတယ်။ တန်းစီရတာ မစောင့်နိုင်ကြလို့ လမ်းဘေးက ဗူးတွေ စျေးကြီးပေးပြီး ဝယ်ဖြည့်ကြတာလည်းရှိတာပေါ့၊ ဒီအတိုင်းဆို ဈေးတက်လာမယ်လို့ ထင်တယ်ဗျ”ဟု ကျိုင်းတုံဒေသခံတဦးကပြောသည်။
အီရန်စစ်ပွဲကြောင့် ပြည်တွင်းစွမ်းအင်ကဏ္ဍ ထိခိုက်မှုမရှိစေရန် ကြိုတင်ကာကွယ်သည့် အနေဖြင့် ပြည်ပကို လောင်စာဆီတင်ပို့မှုများ ရပ်ဆိုင်းလိုက်ကြောင်း ထိုင်းစွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ထို့အတူ မြန်မာနိုင်ငံ အာဏာသိမ်း စစ်ကောင်စီကလည်း လောင်စာဆီချွေတာရန်ဟုဆိုကာ မတ် ၇ရက်နေ့မှစပြီး မဂဏန်းရက်တွင် မဂဏာန်းကားများ၊ စုံဂဏာန်းရက်တွင် စုံဂဏန်းကားများသာ မောင်းရမည်ဖြစ်ပြီး မလိုက်နာပါက အရေးယူမည်ဟု ယမန်နေ့ညတွင် ထုတ်ပြန်သည်။
#MeKongNews
#ကျိုင်းတုံ
#လောင်စာဆီ
#စွမ်းအင်
#ရှမ်းအရှေ့








