မဲခေါင်၊ ဖေဖော်ဝါရီ ၂၁
စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များ ရွာငံမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားပြီး အရာရှိတစ်ဦး အပါအဝင် ၁၀ ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၈ ရက်က ရှမ်းပြည်တောင်ပိုင်း၊ ဓနုဒေသ၊ ရွာငံမြို့ အရှေ့ဘက် ၃ မိုင်ခန့်အကွာရှိ အုတ်တွင်းကျေးရွာအနီးသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်စုတစ်စုကို တော်လှန်ရေးတပ်များက ပျောက်ကြားစနစ်ဖြင့် ခြုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့များနှင့် နီးစပ်သည့် သတင်းရင်းမြစ်က မဲခေါင်သို့ ပြောသည်။
“သူတို့က အင်အား ၁၆ ယောက်လောက်နဲ့ တက်လာတာ။ လမ်းမှာတင် ဖြတ်တိုက်လိုက်တာ ၁၀ ယောက်လောက် သေသွားတယ်” ဟု ၎င်းက ဆိုသည်။
မြေပြင်သတင်းများအရ ယင်းတိုက်ပွဲမှ သေဆုံးသူများနှင့် ဒဏ်ရာရရှိသူများကို အောင်ပန်းမြို့ရှိ ကုတင် ၇၀၀ စစ်တပ်ဆေးရုံသို့ ပို့ဆောင်ကာ မီးသင်္ဂြိုလ်ခဲ့ကြောင်း သိရသည်။
ယင်းတိုက်ပွဲမဖြစ်မီ ဖေဖော်ဝါရီ ၁၇ ရက်ကလည်း ရွာငံ-အောင်ပန်းလမ်း၊ ညောင်ပင်ခွရွာအနီးတွင် ကားနှစ်စီးဖြင့် လာသည့် ပျူစောထီးအဖွဲ့ကို တော်လှန်ရေးတပ်ဖွဲ့များက ခြုံခိုတိုက်ခိုက်ခဲ့သေးသည်။
“ကားနှစ်စီးပေါ်မှာပါတဲ့ ပျူစောထီး အရေအတွက်ကိုတော့ အတိအကျမသိရသေးဘူး။ တချို့လည်း လက်တွေ ပြတ်ကျန်ခဲ့တာမျိုးရှိတယ်။ မြင်းကျဒိုး ပျူခေါင်းဆောင် ဝင်းမြင့်ရဲ့သားလည်း သေဆုံးတဲ့အထဲမှာ ပါဝင်တယ်လို့ ပြန်ကြားရတယ်” ဟု ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် – DSNDA ၏ ပြန်ကြားရေးတာဝန်ခံ ကိုကျားပျံက ပြောသည်။
ရွာငံမြို့နယ်၊ မြင်းကျဒိုးကျေးရွာမှ ပျူစောထီးခေါင်းဆောင် ဝင်းမြင့်ကို ယမန်နှစ် နိုဝင်ဘာ ၂၉ ရက်က DSNDA က ပစ်ခတ်ရှင်းလင်းခဲ့ပြီးနောက် ယခုတစ်ကြိမ်တွင် ၎င်း၏သားဖြစ်သူပါ ထပ်မံရှင်းလင်းခံရခြင်းဖြစ်သည်။
လက်ရှိတွင် စစ်ကောင်စီတပ်က အထိနာနေသဖြင့် အင်အားအလုံးအရင်းဖြင့် ကျေးရွာများအတွင်းသို့ စစ်ကြောင်းထိုးလာနိုင်သောကြောင့် မိဘပြည်သူများအနေဖြင့် သတိထားသွားလာကြရန် တော်လှန်ရေးအဖွဲ့များက သတိပေးထားသည်။
#MeKongNews
#ဓနုဒေသ
#စစ်ကောင်စီ
#တော်လှန်ရေးတပ်ဖွဲ့
#စစ်ကြောင်းထိုး
#ရွာငံ








