မဲခေါင်၊ ဖေဖော်ဝါရီ ၂၀
အုပ်ချုပ်ရေးပိုင်းက တရားဝင်သဖွယ် ခွင့်ပြုပေးထားသည့် အမိန့်ရလောင်းကစားဝိုင်းများကြောင့် ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့တွင် ဒေသခံများ လူမှုစီးပွားပျက်စီးနေရပြီး ဒုစရိုက်မှုများ ပေါများလာကြောင်း ဒေသခံများက ဝေဖန်ပြောဆိုနေကြသည်။
လားဟူနှစ်သစ်ကူးနှင့် တရုတ်နှစ်သစ်ကူး စသည့် ပွဲတော်များကို အကြောင်းပြ၍ လောင်းကစားဝိုင်းများ ပြုလုပ်ခဲ့ကြပြီး ယခုအခါ သင်္ကြန်ပွဲတော်ကို အကြောင်းပြကာ နမ့်ခုတ်ချောင်းဘေးတွင် လောင်းကစားဝိုင်းများ ပြုလုပ်ရန် ပြင်ဆင်နေကြောင်း ဒေသခံတစ်ဦးက မဲခေါင်သို့ ပြောသည်။
“မိုင်းဆတ်မြို့က အရင်လို မဟုတ်တော့ဘူး။ ဆိုင်ကယ်လုတာတွေ၊ မနက်စောစောနဲ့ ညပိုင်း လူရှင်းတဲ့အချိန် ဓားပြတိုက်တာတွေ ခဏခဏ ဖြစ်နေတယ်။ မိန်းကလေးတွေရော လူငယ်တွေပါ စိတ်ဓာတ်တွေ ပျက်စီးကုန်ပြီ။ အရင်က ဒီလိုမျိုး မကြုံဖူးဘူး။ KTV တွေမှာလည်း မူးယစ်ဆေးဝါးက လိုသလောက် ရနေတယ်။ မူးယစ်ဆေးဝါး နှိမ်နင်းရေးအဖွဲ့က ရဲမှူးကိုယ်တိုင်က မူးယစ်ဆေး သုံးစွဲနေတော့ ဘယ်သူကမှလည်း မကြောက်တော့ဘူး” ဟု ၎င်းက ဆိုသည်။
ယင်းလောင်းကစားဝိုင်းများကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီထွေး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအားလွန်နှင့် ခရိုင်ရဲမှူး ဦးအောင်လွင်တို့က တရားမဝင် ခွင့်ပြုပေးထားခြင်းဖြစ်ကြောင်း ဒေသခံများက စွပ်စွဲပြောဆိုထားသည်။
မိုင်းဆတ်မြို့တွင် လောင်းကစားနှင့် ကျားဖြန့် (အွန်လိုင်းငွေလိမ်) လုပ်ငန်းများအပြင် “ကထောင့်” (ဘိန်းစာရွက်ပြုတ်ရည်) ကဲ့သို့သော မူးယစ်ဆေးဝါးများကိုလည်း ဆိုင်တိုင်းလိုလိုတွင် အလွယ်တကူ ဝယ်ယူရရှိနေသဖြင့် လူငယ်အများအပြား ပျက်စီးနေရကြောင်း ဒေသခံများက ဝေဖန်လျက်ရှိသည်။
#MeKongNews
#မိုင်းဆတ်
#ရှမ်းအရှေ့
#လောင်းကစားဝိုင်း
#ကျားဖြန့်








