မဲခေါင်၊ ဖေဖော်ဝါရီ ၇
ရှမ်းပြည်မြောက်ပိုင်း၊ မိုးမိတ်မြို့ရှိ စစ်ကောင်စီ၏ လက်နက်ခဲယမ်းများ သိမ်းဆည်းထားသည့် နေရာကို PDF ပူးပေါင်းတပ်များက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပျက်စီးမှုများရှိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
ယင်းတိုက်ခိုက်မှုမှာ မိုးမိတ်မြို့ နယ်၊ ရွှေဇာလီကျေးရွာရှိ အဆောက်အဦတစ်ခုကို ပြီးခဲ့သည့် ဖေဖော်ဝါ ရီ ၃ ရက် ညပိုင်းက လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“မြို့နဲ့နီးတော့ ပေါက်ကွဲသံတွေ အ တော်ကြားတယ်၊ လက်နက်တိုက် ပေါက်ကွဲတာလို့ ပြောသံ ကြားတယ်။ သေဆုံးမှု ရှိတယ်လို့ ကြားပေမယ့် ဘယ်သူမှ မသွားရဲကြဘူး။ မြို့ထဲမှာတော့ တိုက်ပွဲမဖြစ်ဘူး၊ မဘိမ်းသွားတဲ့ဘက်မှာ ဖြစ်တာ” ဟု မိုးမိတ်ဒေ သခံတစ်ဦးက ပြောသည်။
ရွှေဇာလီကျေးရွာသည် မိုးမိတ်မြို့မှ နမိတ်ချောင်း တစ်ဖက်ကမ်းတွင် တည်ရှိပြီး စစ်ကောင်စီတပ်များ တပ်စွဲထားသည့် ရွာဖြစ် သည်။
ဒေသခံများ၏ ပြောကြားချက်အရ မိုးမိတ် တန်ပိုဂိတ် (ဒေသအခေါ် သံမှိုဂိတ်) တွင် တပ်မ – ၅၅ က နေရာယူထားပြီး၊ မြို့တွင်းပိုင်း၌ တပ်မ – ၁၁ က ဖြန့်ကြက်ထားကြောင်း သိရသည်။
ထို့ပြင် ခမရ – ၃၄၈၊ ၂၂၃၊ ၂၇၆၊ ထောက်ပို့တပ်၊ အမြောက်တပ်နှင့် အခြေစိုက် ဗျူဟာများရှိရာ တွင်းငယ်ဘက်မှ စစ်ကြောင်းထိုးလာနေသဖြင့် တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများ ထပ်မံဖြစ်ပွားလာနိုင်ခြေရှိသည်။
စစ်ကောင်စီတပ်များသည် မိုးမိတ်မြို့နှင့် ၂ မိုင်ခန့်အကွာရှိ အုန်းကြောရွာအထိသာ ထိန်းချုပ်ထားနိုင်ပြီး ထိုအနီးတဝိုက်တွင် မကြာခဏ ထိတွေ့မှုများ ဖြစ်ပွားနေသည်။
စစ်ကောင်စီသည် ဖေဖော်ဝါရီ လဆန်းပိုင်းမှစ၍ မိုးမိတ်မြို့တွင်းသို့ အရပ်ဘက်ဝန်ထမ်းများ ပြန် လည်စေလွှတ်ကာ အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်ရန် ကြိုးပမ်းနေသော်လည်း မြို့ခံအ များစုမှာ စစ်ဘေးရှောင်နေရဆဲဖြစ်သည်။
မိုးမိတ်မြို့ကို TNLA က ပြီးခဲ့သည့်နှစ် အောက်တိုဘာလတွင် စစ်ကောင်စီထံ ပြန်လည် ပေးအပ်ခဲ့သော်လည်း လက်ရှိအချိန်အထိ အုပ်ချုပ်ရေးယန္တရား ကောင်းမွန်စွာ လည်ပတ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။
#MeKongnews
#မိုးမိတ်
#စစ်ကောင်စီ
#လက်နက်ခဲယမ်းဂိုထောင်
#PDF
#ဒရုန်းဗုံးကြဲ








