မဲခေါင်၊ ဖေဖော်ဝါရီ ၅
ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီ ပြန်လည်ထိန်းချုပ်ထားသည့် ကျောက်မဲမြို့ရှိ ဖုန်းဆိုင် တစ်ဆိုင်အတွင်း ဝင်ရောက် လုယက်သည့် စစ်ကောင်စီ တပ်သားတစ်ဦးကို မြို့ခံများက ဝိုင်းဝန်းရိုက်နှက်ဖမ်းဆီးမိကြောင်း ဒေသခံများထံမှ သိရသည်။
ယနေ့ ဖေဖော်ဝါရီ ၅ ရက်၊ နံနက် ၉ နာရီတွင် ကျောက်မဲမြို့၊ ရပ်ကွက် (၄) ရှိ Mega Stone ဖုန်းအရောင်းဆိုင်ကို စစ်ကောင်စီ တပ်သားတစ်ဦး ဝင်ရောက်လုယက်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
“ဆိုင်ရှင်အော်လို့ အနားကလူတွေ ဝိုင်းဖမ်းတာ။ ပထမတော့ မဝင်ရဲကြဘူး၊ နောက်မှ ဝိုင်းလုံးကြတာ။ ဘယ်တပ်ကလဲတော့ မသိဘူး၊ ရဲလက်ကို အပ်လိုက်ပြီ” ဟု ရပ်ကွက် (၂) တွင် နေထိုင်သူတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂ ရက်၊ နံနက် ၈ နာရီခန့်ကလည်း ကျောက်မဲအခြေစိုက် ခမရ – ၅၀၂ မှ စစ်ယူနီဖောင်းဝတ် ၃ ဦးသည် နမ့်ဟူးတောင်း အထက်ရွာရှိ နေအိမ်တစ်အိမ်မှ ဆိုင်ကယ်ကို ပိုင်ရှင်ဖြစ်သူအား ရိုက်နှက်ကာ လုယူ ထွက်ပြေးခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သေးသည်။
#MeKongnews
#ကျောက်မဲ
#ဖုန်းဆိုင်ဝင်လု
#စစ်ကောင်စီတပ်သား
#မြို့ခံများ
#ဖမ်းဆီး








