မဲခေါင်၊ ဇန်နဝါရီလ ၁၄
ဟဲဟိုးလေဆိပ်မှတဆင့် ဝင်ထွက်သွားလာနေသည့် ခရီးသွားများထံမှ တာဝန်ကျ လုံခြုံရေးဝန်ထမ်းများက နည်းမျိုးစုံဖြင့် ငွေညှစ်တောင်းခံနေကြောင်း ကိုယ်တိုင်ကြုံတွေလာရသည့် ခရီးသွားများက မဲခေါင်သို့ ပြောသည်။
လေဆိပ်တာဝန်ကျ လုံခြုံရေးကော်မတီမှ ဝန်ထမ်းများက ရဲစခန်း ထောက်ခံစာမပါခြင်း၊ မှတ်ပုံတင်၊ စမတ်ကတ်များနှင့် ပတ်သက်ပြီး အကြောင်းရှာခြင်းတို့ဖြင့် ငွေညှစ်တောင်းခံနေခြင်းဖြစ်ကြောင်း ဇန်နဝါရီလပထမပတ်အတွင်း ဟဲဟိုးလေဆိပ်တွင် ငွေညှစ်တောင်းခံမှုကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတစ်ဦးက ပြောသည်။
“တိုင်းရင်းသားတွေ ခရီးသွားလာရတာ တကယ်ငွေညစ်ခံရတယ်ဗျာ။ ရဲစခန်းထောက်ခံစာမပါလို့တဲ့ တစ်သိန်းတောင်းတာ၊ မပေးနိုင်ရင် မသွားနဲ့တဲ့။ ဟဲဟိုးလေဆိပ် တောင်ကြီးကနေ ရန်ကုန် လေယာဉ်အတက် လေဆိပ်မှာတောင်းတာ။ တိုင်းရင်းသားတွေကိုဆို ပိုပြီး ဖြဲခြောက်တယ်။ ငွေညှစ်တယ်” ဟု ၎င်းက ပြောသည်။
ယင်းအပြင် အကြောင်းအမျိုးမျိုးပြကာ ကျပ်ငွေ သောင်းဂဏန်းမှ သိန်းဂဏန်းအထိ တောင်းခံမှုများရှိကြောင်း၊ ဒေသခံများအကြား ဟဲဟိုးလေဆိပ် လုံခြုံရေးကော်မတီဝန်ထမ်းများ ငွေညှစ်တောင်းခံမှုမှာ နာမည်ကြီးနေကြောင်း အခြားကိုယ်တွေ့ကြုံရသည့် ခရီးသည်များကပြောသည်။
လုံခြုံရေးကော်မတီ ဝန်ထမ်းများက သာမန်ခရီးသွားပြည်သူများ၊ တိုင်းရင်းသားများထံမှ ယင်းသို့ ငွေညှစ်တောင်းခံသော်လည်း ၎င်းတို့နှင့် ချိတ်ဆက်ထားသည့် ကျားဖြန့်တရုတ်များ၊ အထောက်အထားမဲ့ တရုတ်နိုင်ငံသားများကိုမှု အစစ်အဆေးမရှိ သွားလာခွင့်ပြုထားကြောင်း ဟဲဟိုးလေဆိပ်နှင့် နီးစပ်သူများထံမှ သိရသည်။
“တရုတ်တွေကျတော့ သူ့ကြေးနဲ့ သူ လိုင်းဝင်ထားပြီးသားဆိုတော့ ဘာမှ အစစ်အဆေးမရှိဘူး။ ဘာအထောက်အထားမှလည်း မရှိဘူး၊ လေဆိပ်ကနေ သွားလာနေကြတာပဲ” ဟု နီးစပ်သူတစ်ဦးက ပြောသည်။
ဟဲဟိုးလေဆိပ်သည် ရှမ်းပြည်တောင်ပိုင်း၏ အဓိက လေဆိပ်ဖြစ်ပြီး ခရီးသည်သွားလာမှု များပြားသည့် လေဆိပ်လည်းဖြစ်သည်။
#MeKongNews
#ဟဲဟိုးလေဆိပ်
#လဝက
#ရဲစခန်းထောက်ခံစာ
#ရှမ်းတောင်
#မှတ်ပုံတင်
မှတ်ချက် – ပုံဟောင်း အသုံးပြုထားသည်။








