မဲခေါင်၊ ဇန်နဝါရီ ၄
ယနေ့ကျရောက်သည့် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် စစ်ကောင်စီက တစ်နိုင်ငံလုံးရှိ အကျဉ်းထောင်၊ အချုပ်ထောင်နှင့် စခန်းအသီးသီးမှ အကျဉ်းသား၊ အကျဉ်းသူ စုစုပေါင်း ၆,၁၃၄ ဦးကို ပြစ်ဒဏ်လျှော့ပေါ့၍ လွတ်ငြိမ်းခွင့်ပြုခဲ့ရာ ရှမ်းပြည်ရှိ ထောင်များမှ ၄၆၀ ကျော် ပါဝင်ကြောင်း သိရသည်။
မဲခေါင်သတင်းဌာနက ရရှိထားသည့် စာရင်းများအရ ရှမ်းပြည်နယ်အတွင်းရှိ အကျဉ်းထောင်အသီးသီးမှ လွတ်မြောက်လာသူများမှာ ညောင်ရွှေ (တောင်လေးလုံး) အကျဉ်းထောင်မှ အကျဉ်းသား ၆၉ ဦး၊ အကျဉ်းသူ ၂၀ ဦး (စုစုပေါင်း ၈၉ ဦး)၊ ကျိုင်းတုံအကျဉ်းထောင်: အကျဉ်းသား ၂၇ ဦး၊ အကျဉ်းသူ ၁၀ ဦး (စုစုပေါင်း ၃၇ ဦး)နှင့် လားရှိုးအကျဉ်းထောင်: အကျဉ်းသား ၈၆ ဦး၊ အကျဉ်းသူ ၁ ဦး (စုစုပေါင်း ၈၇ ဦး) တို့ဖြစ်ပြီး ကျန်ရှိသူများမှာ မိုင်းဆတ်အကျဉ်းထောင်၊ တောင်ကြီးအချုပ်ထောင်၊ ထီးခမ်းနှင့် ဘန်းကန်အလုပ်စခန်းတို့မှ ဖြစ်ကြောင်း သိရသည်။
လွတ်မြောက်သူ ၄၆၀ ကျော်ထဲတွင် နိုင်ငံရေးအကျဉ်းသားပါဝင်မှုမှာ အလွန်နည်းကြောင်း ရှမ်းပြည်နိုင်ကျဉ်းအသိုင်းအဝိုင်းမှ သိရသည်။
“လွတ်လာတဲ့သူတွေထဲမှာ ပြစ်ဒဏ်တစ်ဝက်ကျော် ကျခံပြီးသားသူတွေနဲ့ ကျန်ရှိတဲ့ပြစ်ဒဏ် ၂ နှစ်အောက်သမားတွေ ပါတယ်။ ၆ ပုံ ၁ ပုံ လျှော့ရက်နဲ့လည်း ပါတာပေါ့။ ဒါပေမဲ့ ညောင်ရွှေထောင်လိုမျိုး နိုင်ငံရေးအကျဉ်းသား တစ်ထောင်ကျော်ရှိနေတဲ့ နေရာမှာတော့ တစ်ယောက်မှ မလွတ်ဘူး” ဟု နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက ဆိုသည်။
ယခု လွတ်ငြိမ်းခွင့်တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ မတရားအသင်းများအက်ဥပဒေ၊ မူးယစ်ဆေးဝါး၊ လက်နက်မှု၊ လူသတ်မှုနှင့် မုဒိန်းမှု အပါအဝင် ပြစ်မှုကြီး (၁၃) မျိုးမှအပ ကျန်ပြစ်မှုများဖြင့် ပြစ်ဒဏ်ကျခံနေရသူများကို ပြစ်ဒဏ်၏ ၆ ပုံ ၁ ပုံ လျှော့ပေါ့ပေးခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် အကျဉ်းထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသည့် နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူ ၅၂ ဦးကိုလည်း ပြစ်ဒဏ်လျှော့ပေါ့ကာ ပြည်နှင်ဒဏ်ပေးခဲ့ကြောင်း သိရသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းချိန်မှ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ နိုင်ငံရေးအရ ဖမ်းဆီးခံရသူ စုစုပေါင်း ၃၀,၂၁၆ ဦး ရှိခဲ့ကြောင်း သိရသည်။
#MeKongNews
#လွတ်လပ်ရေးနေ့
#နိုင်ငံရေးအကျဉ်းသား
#လွတ်ငြိမ်း
#စစ်ကောင်စီ








