မဲခေါင်၊ နိုဝင်ဘာ ၂၃
မူးယစ်မှောင်ခိုအပါအဝင် တာချီလိတ်မြို့နယ်၊ ဝမ်ပုံဆိပ်ကမ်းရှိ တရားမဝင်လုပ်ငန်းများတွင် ဝမ်ပုံရေကြောင်းရဲတပ်ဖွဲ့က အများဆုံး လာဘ်စားကာ ပါဝင်ပတ်သက်နေကြောင်း သတင်းရင်းမြစ်များက မဲခေါင်သို့ပြောသည်။
မဲခေါင်မြစ် ဆိပ်ကမ်းဖြစ်သည့် ဝမ်ပုံဆိပ်ကမ်းအနီးတဝိုက်မှ မူးယစ်ဆေးဝါးမှောင်ခိုများ၊ ရှမ်းပြည်အရှေ့ပိုင်းထွက် ခနောက်စိမ်းအပါအဝင် သတ္တု မှောင်ခိုများ၊ တရုတ်ပစ္စည်းမှောင်ခိုများနှင့် လူမှောင်ခိုကူခြင်း ကိစ္စများတွင် ဝမ်ပုံရေကြောင်းရဲတပ်ဖွဲ့က လာဘ်ငွေအများဆုံးရယူက မသိကျိုးကျွံပြုထားခြင်း၊ ကိုယ်တိုင်ပါဝင်ပတ်သက်ခြင်းများ ရှိနေကြောင်း သတင်းရင်းမြစ်များက ပြောသည်။
“ဝမ်ပုံရဲစခန်းနောက်မှာတင် လှေဆိပ်ရှိတယ်။ တရုတ်က တရားမဝင်ကုန်စည်တွေ ဆိပ်ကမ်းဆင်းတာလဲ ရေကြောင်းရဲကို အဓိက ပေးရတာပဲ။ တရုတ်ပစ္စည်းတွေက တရုတ်ကျင်းဟုန်ဆိပ်ကမ်းက ဆင်းလာတာ” ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ယင်းသို့ လာဘ်ငွေရယူကာ မှောင်ခိုကိစ္စများ ပါဝင်ပတ်သက်ရာတွင် ယခင်တာဝန်ကျခဲ့သည့် ရေကြောင်းရဲတပ်ဖွဲ့ခွဲ(ဝမ်ပုံ)တပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး မျိုးသွင်ဦးမှာ အဆိုးဆုံးဖြစ်ကြောင်း၊ ၎င်းလက်ထက်တွင် ခနောက်စိမ်းအပါအဝင် သတ္တုများ၊ မူးယစ်ဆေးဝါးများကို လာဘ်စားကာ မသိချင်ယောင်ဆောင်ခဲ့ကြောင်း ဝမ်ပုံရေကြောင်းရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“ခနောက်စိမ်းလှေတစ်စီးကို ဘတ် ၃သိန်းယူတယ်။ မူးယစ်ဆေးဆိုလည်း သူ့လက်ထက်မှာ မိတာ ဘာမှ မရှိဘူး။ အခုတော့ သူက ပြောင်းသွားပြီ၊ မကြာသေးဘူး။ တရုတ်ကုန်စည် ၉၉ ရာခိုင်နှုန်းက အဲဒီကလာတာပဲ” ဟု ၎င်းကပြောသည်။
တရားမဝင်တရုတ်ပစ္စည်းများ ရှမ်းအရှေ့သို့ ဝင်ရောက်ရာတွင်လည်း ဝမ်ပုံရေကြောင်းရဲစခန်း အနီးတဝိုက်ရှိ နေရာ ၂ခုမှ အများဆုံး ဝင်ရောက်ကြောင်း၊ ယင်းမှတဆင့် တာလေ၊ တာချီလိတ်၊ ကျိုင်းတုံမြို့များသို့ သွားခြင်းဖြစ်ကြောင်း၊ ယင်းနေရာများမှာ ရေကြောင်းရဲ မသိဘဲ ကမ်းကပ်၍ မရကြောင်း ဒေသခံများက ပြောသည်။
မဲခေါင်မြစ်ဆိပ်ကမ်းဖြစ်သည့် တာချီလိတ်မြို့နယ်အတွင်းမှ ဝမ်ပုံဆိပ်ကမ်းနှင့် အနီးတဝိုက်မှာ မူးယစ်ဆေးဝါးများ၊ တရားမဝင်မှောင်ခို ပို့ကုန်သွင်းကုန်များ၊ မော်တော်ယာဉ်များ တင်ပို့ရာ၊ တင်သွင်းရာနေရာဖြစ်သည်။ ယင်းမှတဆင့် လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံနှင့် မိုင်းလားအထူးဒေသများသို့ သွားလာနိုင်သည်။
#MeKongNews
#တာချီလိတ်
#ဝမ်ပုံဆိပ်ကမ်း
#ရေကြောင်းရဲ
#ခနောက်စိမ်း








