မဲခေါင်၊ နိုဝင်ဘာ ၁၇
ဓနုအရေးကို ဦးဆောင်နိုင်ရန် ကောင်စီတစ်ရပ် ဖွဲ့စည်းဆောင်ရွက်မည်ဟု ဓနုလူငယ်ဖိုရမ်က နိုဝင်ဘာ ၁၄ ရက်တွင် သတင်းထုတ်ပြန်သည်။
ယင်းကောင်စီအား အကောင်အထည်ဖော်ဆောင်ရွက်ရန် အစုအဖွဲ့အသီးသီးမှ ကိုယ်စားလှယ် ၇ ဦးပါဝင်သည့် လုပ်ငန်းဦးဆောင်ကော်မတီတစ်ရပ်ကိုလည်း ဓနုလူငယ်ဖိုရမ်တွင် ဖွဲ့စည်းခဲ့သည်။
“အနာဂတ်ဒေသအတွက် ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့် ရှိရေးအတွက် ဦးဆောင်ဦးရွက်ပြုနိုင်မယ့် ကောင်စီတစ်ခုဖွဲ့မယ်။ အဲဒါကို ဖွဲ့နိုင်အောင် ပေါ်ပေါက်အောင် လုပ်ဆောင်ကြဖို့ အားလုံးက သဘောတူဆုံးဖြတ်ခဲ့ကြတယ်။ အဲဒီ ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ဖို့ ကော်မတီတစ်ခုနဲ့ လုပ်ငန်းတာဝန်တွေကိုလည်း ဖိုရမ်မှာ ဖွဲ့စည်းတာဝန်ပေးခဲ့ကြတယ်” ဟု ဓနုလူငယ်ဖိုရမ်တွင် ပါဝင်တက်ရောက်သူတစ်ဦးက ပြောသည်။
ယခုကဲ့သို့ ဓနုအရေးကို ဦးဆောင်ရန် ကောင်စီတစ်ရပ် ပေါ်ပေါက်လာပါက ကြိုဆိုရမည်ဖြစ်ပြီး အခြားလူမျိုးစုများတွင် ကောင်စီဖွဲ့ကာ စုပေါင်း အလုပ်လုပ်နေကြသည်မှာ ကြာပြီဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
နယ်ပယ်အသီးသီးရှိ ဓနုအင်အားစုများအကြား အချင်းချင်း ညှိနှိုင်းပေါင်းစပ်ပြီးး ဓနုအမျိုးသားရေး အတွက်သာမက ဓနုဒေသတွင်းရှိ လူမျိုးပေါင်းစုံ တို့နှင့်လည်း အတူတကွ ပူးပေါင်းဆောင်ရွက်မည် ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ဓနုလူငယ်ဖိုရမ်ကို နိုင်ငံရေး၊ စစ်ရေးအခြေအနေကြောင့် အွန်လိုင်းနှင့် မြေပြင်တွင် တစ်ပြိုင်တည်းကျင်းပခဲ့ပြီး ရွာငံ၊ ပင်းတယ၊ ကလော၊ တောင်ကြီး၊ ကျောက်မဲ၊ သီပေါ၊ နောင်ချို၊ ရပ်စောက် စသည့် မြို့နယ်အသီးသီးမှ လူငယ်များ နိုင်ငံတကာရောက် ဓနုလူငယ်များနှင့် အရပ်ဘက်အဖွဲ့အစည်းများ၊ အမျိုးသမီးကိုယ်စားပြုအစုအဖွဲ့များ၊ ဓနုလူမျိုးကိုယ်စားပြု လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၅၉ ဦးတက်ရောက်ခဲ့သည်။
#MeKongNews
#ဓနုအရေး
#ကောင်စီ
#ဓနုလူငယ်ဖိုရမ်








