မဲခေါင်၊ အောက်တိုဘာ ၂၁
NDAA ထိန်းချုပ် မိုင်းလားတွင် မိုင်းလားဒေသလိုင်စင် မဟုတ်သည့် ယာဥ်များကို ဖမ်းဆီးနေရာ လက်ရှိတွင် ဖမ်းဆီးခံရသည့် ဆိုင်ကယ်စီးရေ ရာချီရှိနေပြီဖြစ်ကြောင်း မိုင်းလားတွင် နေထိုင်သူများထံမှ သိရသည်။
ယခင်က မြန်မာလိုင်စင်ယာဥ်များနှင့် အခြားဒေသယာဥ်များ ဖြတ်သန်းသွားလာခွင့်ရရှိခဲ့သော်လည်း ပြီးခဲ့သည့် စက်တင်ဘာလမှစကာ မိုင်းလားဒေသ SR4 လိုင်စင်မှအပ ကျန်လိုင်စင်များကို ဖမ်းဆီးနေခြင်းဖြစ်သည်။
“အရင်က ယာဥ်လိုင်စင်ထက် လူလိုင်စင်ပဲစစ်တာ။ ခုက ယာဥ်လိုင်စင်ပါစစ်တော့ လိုင်စင်အတုတွေ၊ အပွားတွေ အများကြီးတွေ့နေလို့ အခု SR4 မဟုတ်ရင် ဖမ်းတာများပြီ။ တချို့က ဆိုင်ကယ်တွေကိုအလှတွေ ဆင်ထားကြတာ၊ ဖမ်းရင် အရင်ကထက်လိုင်စင်ခ ပိုကုန်ကြပြီ” ဟု မိုင်းလားနေသူတစ်ဦးက မဲခေါင်သို့ ပြောသည်။
လူလိုင်စင်၊ ယာဉ်လိုင်စင်ပြုလုပ်ရာတွင် လူလိုင်စင်ကို ယွမ် ၁၀၀သာ ကုန်ကျသော်လည်း ဆိုင်ကယ်လိုင်စင်မှာ ယခင် ယွမ် ၆၀၀မှ ယခု ၁၂၀၀ အထိ ကုန်ကျလာပြီး မော်တော်ကားများလည်း ယွမ် ၆၀၀၀ အထက် ကုန်ကျလာနေကြောင်း သိရသည်။
မိုင်လားဒေသတွင် ယာဥ်များကို ဒေသလိုင်စင်ပြုလုပ်ရန် စည်းကမ်းတင်းကြပ်နေသော်လည်း ယင်း SR4 နံပတ်တပ်ကားမှာ ကျိုင်းတုံသို့လာပါက ဝမ်တာပင်းဂိတ်အထိသာရရှိပြီး အခြား “ဝ” ဒေသဘက်နှင် ကိုးကန့်ဘက်နယ်မြေများအတွက်လည်း သက်ဆိုင်ရာ ဒေသသတ်မှတ် နံပတ်ပြားများ တပ်ဆင်အသုံးပြုနေကြရကြောင်း ခရီးသွားမော်တော်ယဥ်များထံမှ သိရှိရသည်။
EROs များထိန်းချုပ်ဒေသများတွင် သီးခြားနံပတ်များကိုသာ အသုံးပြုနေကြရာ “ဝ” ဒေသ တွင် W.HP၊ ကိုးကန့်ဒေသတွင် SR1 နှင့် မိုင်းလားတွင် SR4 နံပတ်များ ဖြစ်ကြောင်း သိရသည်။
#MeKongNews
#မိုင်းလား
#အထူးဒေသ၄
#ဝမ်တာပင်းဂိတ်
#ယာဉ်လိုင်စင်








