မဲခေါင်၊ စက်တင်ဘာ ၁၇
စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်ထားသည့် ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့တွင် စစ်ကောင်စီနှင့် MNDAA တို့ ယမန်နေ့ စက်တင်ဘာ ၁၆ ရက်၌ ထပ်မံ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်းသိရသည်။
ယမန်နေ့ စက်တင်ဘာလ ၁၆ ရက်၊ နံနက် ၁၀ နာရီခန့်တွင် လားရှိူးမြို ဆင်နှစ်ကောင်ဟိုတယ်သို့ MNDAA မှ ကားတန်းဖြင့် ဝင်ရောက်လာသည်ကို တွေ့ရကြောင်း မျက်မြင်တွေ့သူ ဒေသခံများက ပြောသည်။
“သိရသလောက်တော့ သိန္နီကိစ္စပဲ။ ကိုးကန့်ဖက်က အရပ်ဖက် ဝန်ထမ်းတွေ လက်ခံနိုင်ပေမယ့် စစ်တပ်နဲ့ရဲတွေ လက်မခံနိုင်ဘူး လို့ ကြားတယ်။ ပြီးတော့ ရေပူဂိတ်လည်း ကိုးကန့်က ပြန်ဆောက်နေတော့ ဘယ်လို အခွန်ကောက်မလည်း ဆိုတာမသိရသေးဘူး” ဟု လားရှိုးဒေသခံတစ်ဦးက မဲခေါင်ကို ပြောသည်။
စစ်ကောင်စီ နှင့် MNDAA တို့ ၂ ပတ်တစ်ကြိမ်ခန့် ဆွေးနွေးနေကြခြင်းဖြစ်ပြီး စစ်ကောင်စီက စက်တင်ဘာ ၁၄ ရက်က ထုတ်ပြန်ခဲ့သည့် ရွေးကောက်ပွဲ မပြုလုပ်နိုင်သည့် မြို့နယ်စာရင်းတွင် သိန္နီ ပါရှိခဲ့သဖြင့် MNDAA က သိန္နီကို ပြန်ပေးရန် မရှိသည့် အနေအထားဖြစ်သည်ဟု နိုင်ငံရေးလေ့လာသူများက သုံးသပ်သည်။
ယခုတစ်ကြိမ်တွေ့ဆုံရာတွင် MNDAA လက်ထက်က ကူညီဖူးသည့် ဝန်ထမ်းများ၊ လူမှုကူညီရေးအသင်းများကို မဖမ်းဆီးရန် အဓိကထားဆွေးနွေးသည်ဟု သိရကြောင်း MNDAA နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“အာ တွေ့တာ ကျနော်ကြားမိတာတော့ အရင် MNDAA လက်ထက် လုံခြုံရေး ကူညီဖူးတဲ့ ဝန်ထမ်းတွေ၊ လူမှုကူညီအသင်းတွေကို ပုဒ်မတပ် မဖမ်းဖို့လောက်ပဲ။ လားရှိုးလေဆိပ် ပြီးသလောက်နီးပါး ဖြစ်နေတယ်။ ကိုးကန့် လက်အောက်ခံ အရပ်ဖက်ဝန်ထမ်းတွေ နဲ့ စစ်ဖက်ဝန်ထမ်းတွေ ဩဂုတ်လ လစာ မရသေးတာရှိတယ်။ ဟိုယမှာ ကိုးကန့် အစီအစဉ်နဲ့ တရုတ်ကျောင်း တစ်ကျောင်း ဖွင့်မယ်” ဟု ၎င်းက မဲခေါင်သို့ ပြောသည်။
လတ်တလော ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်အတွင်း စစ်ကောင်စီနှင့် TNLA တိုက်ပွဲ ပြင်းထန်နေပြီး မူဆယ်သို့ စစ်ကောင်စီက လေကြောင်းမှ အင်အားဖြည့်တင်းမှုများ ပြုလုပ်နေသလို TNLA ကလည်း နမ့်ခမ်း အဝင်အထွက်များ စစ်ဆေးမှု တင်းကြပ်လာနေကြောင်း ဒေသခံများထံက သိရသည်။
မဟာ
#MeKongNews
#MNDAA
#စစ်ကောင်စီ
#ရှမ်းပြည်မြောက်ပိုင်း
#သိန္နီမြို့
#ကိုးကန့်တပ်ဖွဲ့








