မဲခေါင်၊ သြဂုတ်၂၈
ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့ လဝကမှ လွှဲပြောင်းလာသည့် ကျားဖြန့်တရုတ်နိုင်ငံသား ၇၁ ဦးကို NDAA မှတဆင့် လက်ခံပြီး တရုတ်ထံ ဩဂုတ်လ ၂၇ ရက်နေ့တွင် လွှဲပြောင်းပေးလိုက်ကြောင်း မိုင်းလား NDAA က ယနေ့ သတင်းထုတ်ပြန်သည်။
ကျားဖြန့် တရုတ်နိုင်ငံသား ၇၁ ဦးကို မိုင်းလား၊ တာလော့ နယ်စပ်ဂိတ်မှတဆင့် တရုတ်ထံ လွှဲပြောင်းခဲ့ပြီး၊ ယခုလုပ်ရပ်သည် မြန်မာနှင့် တရုတ်အစိုးရကြား နယ်စပ်ရေးရာ ကိစ္စများကို ရောင်ပြန်ဟပ်စေသည့် သဘောဟုလည်း မိုင်းလားတပ်ဖွဲ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“နယ်စပ်ဒေသ ပူးပေါင်းဆောင်ရွက်မှုနဲ့ တည်ငြိမ်အေးချမ်းရေးကို မြှင့်တင်ရန် အထူးဒေသ (၄) မိုင်းလားတပ်ဖွဲ့ဘက်က ကူညီခဲ့တာဖြစ်တယ်” ဟု NDAAက ဆိုသည်။
ရှမ်းအရှေ့တွင် ဖမ်းမိသည့် ကျားဖြန့် တရုတ်နိုင်ငံသားများကို ကျိုင်းတုံမှ လဝက၊ ရဲနှင့် စစ်တပ်တာဝန်ရှိသူများကိုယ်တိုင် သွားရောက်ပို့ဆောင်ခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၂၃ ရက်ကလည်း UWSA ထိမ်းချုပ်ထားသည့် ပန်ဆန်းမှ ကျားဖြန့်ငွေလိမ်ဂိုဏ်း ခေါင်းဆောင် ၁၄ ဦးကို UWSA မှ ဖမ်းဆီးပြီး တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်အစိုးရထံ Menglian Port မှတဆင့် လွှဲပြောင်းပေးအပ်ခဲ့သေးသည်။
#MeKongNews
#NDAA
#မိုင်းလား
#ကျားဖြန့်
#တရုတ်
#ကျိုင်းတုံ








