မဲခေါင်၊ ဩဂုတ် ၄
၅ ရက်ကြာပျောက်ဆုံးနေသည့် တာချီလိတ်မြို့မှ အဓမ္မကျင့်သတ်ဖြတ်ခံရသည့် ကလေးငယ်အလောင်းကို မဲခေါင်မြစ်အတွင်းစီးဝင်သည့် မယ်ဟုတ်ချောင်းဘေးတစ်နေရာတွင် ယနေ့နံနက်ပိုင်းက ပြန်လည်တွေ့ရှိခဲ့သည်။
အသက် ၈ နှစ်အရွယ် မိန်းကလေးငယ်မှာ တာချီလိတ်မြို့၊ ဟောင်လိတ်ရပ်ကွက်အတွင်းနေထိုင်သူဖြစ်ပြီး ဇူလိုင်လ ၃၀ရက် နေလယ်ပိုင်းက ပျောက်ဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ ရက်အတော်ကြာ ပြန်ရှာမတွေ့သဖြင့် မသင်္ကာသူတစ်ဦးကို ဟောင်လိတ်နယ်မြေရဲစခန်းတွင် ဖမ်းဆီးစစ်ဆေးရာမှ ကလေးငယ်ကို အဓမ္မကျင့် သတ်ဖြတ်ပြီး အလောင်းကို ဖျောက်ဖျက်လိုက်သည်ကို သိရှိရခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးကပြောသည်။
“အဲဒီလူက ကလေးနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းကလူပဲ။ ဖမ်းပြီးစစ်တော့ အလောင်းကို ရေထဲမျှောလိုက်တယ်ဆိုတာ ပေါ်ပေါက်တယ်။ အဲဒါနဲ့အလောင်းကိုလိုက်ရှာကြတာ အခုမှတွေ့တယ်။ ဦးထွန်းအောင် တံတားနားကနေ မျှောလိုက်တာ၊ အဲဒီအောက်ဖက် ၃၊ ၄ မိုင်လောက်မှာ တွေ့တာ။ မဲခေါင်မြစ်ထဲတော့ မရောက်သေးဘူး” ဟု ၎င်းက ပြောသည်။
သေဆုံးသူမိန်းကလေးငယ်သည် ဇူလိုင်လ ၃၀ ရက် မွန်းလဲပိုင်းက ကစားရန်အတွက် နေအိမ်မှ ထွက်ခွာသွားပြီးနောက် ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်း၊ ယင်းနောက် လူမှုကူညီရေးအသင်းများကို အကူအညီတောင်းသော်လည်း ပြန်ရှာမတွေ့ဘဲ ရှိနေခြင်းဖြစ်ကြောင်းသိရသည်။
ကလေးငယ်အလောင်းကို ယနေ့ ဩဂုတ်လ ၄ ရက် နံနက်ပိုင်းတွင် မိုင်းဖုန်း (ခ) ကျေးရွာအုပ်စု၊ နန်းမလွှတ်ရွာရှိ ချောင်းဘေးတွင် ကိုလှမိုးလူမှုကူညီရေးအသင်းက သွားရောက်ဆယ်ယူခဲ့ခြင်းဖြစ်သည်။
#MeKongNews
#တာချီလိတ်
#ကလေးငယ်
#အဓမ္မမှု
#မယ်ဟုတ်ချောင်း
ဓာတ်ပုံ – ကိုလှမိုးလူမှုကူညီရေးအသင်း








