မဲခေါင်၊ မေ ၁၆
မိုးဗြဲမြို့ ပြန်လည်ရရှိရေးအတွက် ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီနယ်စပ်တွင် ထိုးစစ်ဆင်လာသည့် စစ်ကောင်စီ၊ PNO ပြည်သူ့စစ် ပူးပေါင်းတပ်များကို တော်လှန်ရေးတပ်များမှ ပူးပေါင်းခုခံရာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီ၊ PNO ပြည်သူ့စစ်ဘက်မှ ၁၈ထက်မနည်း ကျဆုံးကြောင်း တော်လှန်ရေးတပ်များက မေလ ၁၆ရက်တွင် သတင်းထုတ်ပြန်သည်။
စစ်ကောင်စီအနေဖြင့် မိုးဗြဲပြန်လည်ရရှိရေးအတွက် စစ်ကြောင်း ၃ကြောင်းဖြင့် ထိုးစစ်ဆင်လာခဲ့ပြီး မိုးဗြဲမြို့တွင်းစစ်ကြောင်း၊ မိုးဗြဲကုန်းသာစစ်ကြောင်း နှင့် ဖယ်ခုံမြို့နယ်နှင့် ညောင်ရွေမြို့နယ်စပ် စစ်ကြောင်းများ ဖြစ်ကြောင်း သိရသည်။
မေလ ၁၃ရက်တွင် ညောင်ရွေမြို့နယ်နှင့် ဖယ်ခုံမြို့နယ်တို့ထိစပ်သည့် ရေပူကျေးရွာ၊ စွန့်စွဲကျေးရွာနှင့် လွယ်လုံကျေးရွာဘက်တို့တွင် စစ်ကောင်စီက အင်အား ၆၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးခဲ့ကြောင်း၊ လေကြောင်းပစ်ကူ၊ ကုန်းစစ်ကြောင်း၊ရေစစ်ကြောင်းများဖြင့် ထိုးစစ်ဆင်လာခဲ့ခြင်းဖြစ်ကြောင်း၊ တော်လှန်ရေးတပ်များဘက်မှ ရှမ်းတောင်-ကရင်နီ စစ်တိုင်းရှိ အင်းလေး PDF (1009 တပ်ရင်း)၊ ဖယ်ခုံ PDF (1006 တပ်ရင်း)၊ ပျားစစ်ကြောင်းနှင့် အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့တို့ ပူးပေါင်းစစ်ကြောင်းအဖြစ် ချေမှုန်းတိုက်ခိုက်ခဲ့ကြောင်း ရှမ်းတောင်စစ်ဒေသခွဲ PDF ဗျူဟာအမှတ်(၁)ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှင့် ဖယ်ခုံ PDF (1006 တပ်ရင်း) တို့က ထုတ်ပြန်သည်။
မေလ ၁၄ရက်၌လည်း မိုးဗြဲမြို့တွင်းစစ်ကြောင်းဘက်တွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်မှ သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ အများအပြားရှိသောကြောင့် ခမရ ၄၂၂ တပ်ရင်းစခန်းသို့ ပြန်လည်ဆုတ်ခွာနိုင်ရန် လက်နက်ကြီး၊ အဆိပ်ငွေ့ဗုံးများ အလွန်အကျွံပစ်ခတ်တိုက်ခိုက်ပြီး ပြန်လည်ဆုတ်ခွာသွားကြောင်း ထုတ်ပြန်ကြေညာသည်။
တိုက်ပွဲများအတွင်း စစ်ကောင်စီ၊ PNO ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့ဘက်မှ ၁၈ ထက်မနည်း သေဆုံးပြီး တော်လှန်ရေးတပ်ဖွဲ့များဘက်မှ ရဲဘော်တစ်ဦး ကျဆုံးကာ ၂ဦး အသေးစားဒဏ်ရာရရှိကြောင်း၊ စစ်ကောင်စီဘက်မှ တိုက်ခိုက်ရေးဒရုန်းကြီး ၂ စင်းကို တော်လှန်ရေးတပ်များမှ ဂျန်ပါဖြင့် ပစ်ချနိုင်ခဲ့ပြီး MA3 သေနတ် ၃လက်၊ MA1 သေနတ်တစ်လက်၊ စုစုပေါင်း သေနတ်၄လက် အပါအဝင် ခဲယမ်းများလည်း သိမ်းဆည်းရမိကြောင်း သိရသည်။
တိုက်ပွဲတွင် အထိနာသည့် စစ်ကောင်စီ၊ PNO ပြည်သူ့စစ် ပူးပေါင်းတပ်များက ညောင်ရွေမြို့နယ်၊ စွန့်စွဲကျေးရွာတွင်းရှိ လူထုနေအိမ်အလုံး၂၀ ကျော်ကိုမီးရှို့ခဲ့ကြောင်း သိရသည်။
မိုးဗြဲမြို့ပြန်လည်ရရှိရေး စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီ၊ PNO ပူးပေါင်းတပ်များနှင့် တော်လှန်ရေးတပ်များကြား တိုက်ပွဲဆက်လက်ပြင်းထန်နေဦးမည်ဖြစ်ပြီး ပြည်သူများအနေဖြင့် တော်လှန်ရေးတပ်များကို ဆက်လက်ကူညီထောက်ပံ့ပေးကြရန် SSTOC- PDF -1 သတင်းပြန်ကြားရေးဌာန တာဝန်ခံက မဲခေါင်သို့ ပြောသည်။
(မှတ်ချက် – စစ်ကောင်စီ၊ PNO သေဆုံးရုပ်အလောင်းများပါဝင်သည့် ရုပ်သံမှတ်တမ်းကို မဲခေါင်သတင်းဌာန Telegram Channel တွင် ကြည့်နိုင်သည်။ https://t.me/mekongnewsmm/35682 )
#MeKongNews
#မိုးဗြဲတိုက်ပွဲ
#ရေပူရွာတိုက်ပွဲ
#စွန့်စွဲကျေးရွာ
#ညောင်ရွှေမြို့နယ်
#၁၀၀၆တပ်ရင်း
#၁၀၀၉တပ်ရင်း
#SSTOCPDF1
#ပျားစစ်ကြောင်း








