မဲခေါင်၊ ဧပြီ ၁၄
ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့၏ နှစ်စဥ်ပြုမြဲ သင်္ကြန်ကာလ နန္ဒဘေရီစည်တော်တင်ပွဲနှင့် သိကြားမင်းပူဇော်ပွဲအား ငလျင်ဒဏ်သင့် ပြည်သူများကို စာနာသည့်အနေဖြင့် ကြေညာထားသည့်အတိုင်း အကျဥ်းရုံးသာ ပြုလုပ်ခဲ့သည်ဟု ယင်းနန္ဒဘေရီ စည်တော်ကျင်းပရေးအဖွဲ့ထံမှ သိရသည်။
ယမန်နေ့ ဧပြီလ၁၃ရက်တွင် မင်္ဂလာအချိန်ဖြစ်သည့် နံနက်၇နာရီတွင် စည်တော်ကိန်းဝပ်ရာ အမှတ်၃ရပ်ကွက်ရှိ ကျိုင်းစံဘုန်းကြီးကျောင်းမှ ဖားရုပ်စံရာ တာလောကုပ်သို့ ယူဆောင်ခဲ့ပြီး ယင်းနေရာမှတဆင့် ကျောက်လုံကန်နတ်စင်သို့ ယူဆောင်ထားရှိကာ ကျိုင်းတုံမူလဒေသခံလွယ်လူမျိုးပန်းတကာမှ စည်တော်ကို ၇ချက်တီးခတ်ကာ စည် တော်တင်ပွဲကို အကျဥ်းမျှပြုလုပ်ခဲ့သည်ဟု သိရသည်။
နှစ်စဥ်ပုံမှန် ကျင်းပပါက စည်တော်ကို ပွဲမပြီးမချင်း တီးခတ်ခြင်း၊ နမ့်ခင်ချောင်းသို့ သိကြားမင်း ပင့်ဆောင်ရာတွင်လည်း ကျိုင်းတုံမြို့လုံးကျွတ် ပါဝင်ပူဇော်ကြခြင်း၊ သိကြားမင်းရုပ်တုနှင့် ဖားရုပ်ထုတို့ကို ရေမျှောရာတွင်လည်း ပျော်ရွှင်စွာ ရေပက်ကစားကြခြင်း၊ စည်တော်စံရာကျောင်းတိုက်သို့ ပြန်လည်ပင့်ဆောင်ရာတွင်လည်း မြို့တွင်းစည်ကားသိုက်မြိုက်စွာ လှည့်လည်ခြင်းများ ပြုလုပ်ပြီး သင်္ကြန်အကြို၊ အကျနေ့၂ ရက်တွင် ကျိုင်းတုံမြို့သင်္ကြန်ကို အထူးစည်ကားစေကြောင်းသိရသည်။
နန္ဒဘေရီစည်တော်တင်ပွဲသမိုင်းမှာ အေဒီ ၁၄၁၀ တွင် ကျိုင်းတုံပြည့်ရှင် ၉ဆက်မြောက် မင်းကြီး’ကျောက်မထု’က ဒေသတွင်း မိုးခေါင်ရေရှား သဘာဝဘေးဒဏ် ၃နှစ်ဆက်တိုက်ခံရမှုမှ ကင်းလွတ်ရန် သိကြားမင်းကိုပူဇော်ဖို့ ဆုတောင်းပြည့် နန္ဒဘေရီစည်တော်ကို တီးခတ်ရန်နှင့် မိုးခေါ်ဖားရုပ်ကိုထုလုပ်စေခဲ့ပြီး ကျင်းပပြုလုပ်ခဲ့ကြောင်း စည်တော်ကျင်းပရေးအဖွဲ့ဝင်တစ်ဦးက မဲခေါင်ကိုရှင်းပြသည်။
“နှစ်စဥ် သင်္ကြန်စာပါ သိကြားမင်းရုပ်တုကို တစ်လလောက်ကြိုတင်ပြီးလုပ်ရတာ၊ ဖားရုပ်ဆိုလည်း ဘိလပ်မြေနဲ့ဖားရုပ်မဟုတ်ဘူး။ ကျိုင်းတုံနဲ့နေ့နမ် တူတဲ့ ကျိုင်းတန်းရွာသားတွေက နမ့်ခင်ချောင်းက ရွှံ့နဲ့၄ ပေလောက်ရှိတဲ့ ဖားရုပ်ကိုထုရတာ။အမှန်တော့ ဖားစည်မဟုတ်ဘူး။ စည်တော်ကသပ်သပ်၊ ဖားရုပ်ကသပ်သပ်ကို တွဲခေါ်ရင်း ဖားစည်လို့မှားခေါ်လာကြတာ။ ဒီနှစ်တော့ တစ်မြို့လုံးမပါပဲ သိကြားမင်းနဲ့ ဖားရုပ်ကို နမ့်ခင်ချောင်းထဲ တိတ်တဆိတ်ရေမျှောပြီး ကျိုင်းတုံမြို့ကြီးနဲ့ ကမ္ဘာကြီး အညံ့အဆိုးတွေ ပျောက်စေဖို့ ဆုတောင်းကြပါတယ်” ဟု ၎င်းက ရှင်းပြသည်။
ယခုနှစ်သည် နန္ဒဘေရီစည်တော်၏ ၆၁၄ ကြိမ်မြောက် ပွဲတော်ဖြစ်ပြီး မတ်လ၂၈ရက်က လှုပ်ခတ်ခဲ့သည့် ပြင်းထန်ငလျင်ကြီးကြောင့် သေဆုံးဒဏ် ရာရသူများအပြင် ယခုချိန်ထိ ငလျင်ဘေးဒဏ် ခံနေရသည့် ပြည်သူများသို့ ကျိုင်းတုံမြို့၏ ကိုယ်ချင်းစာတရားကို ပြသသည့်အနေဖြင့် အကျဥ်းရုံးသာ ကျင်းပခဲ့ကြခြင်းဖြစ်သည်။
#MeKongNews
#ကျိုင်းတုံ
#နန္ဒဘေရီစည်တော်တင်ပွဲ
#ရှမ်းအရှေ့
#စစ်ကိုင်းငလျင်
#သိကြားမင်း








