မဲခေါင်၊ မတ် ၉
ရှမ်းပြည်မြောက်ပိုင်း၊ တန့်ယန်းမြို့ပေါ် ရပ်ကွက် ၂ ၏ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးစိုင်းထွန်းအောင်မှာ ရပ်ကွက်ထောက်ခံစာ တစ်စောင်လျင် ကျပ် ၂ သောင်း တောင်းခံနေပြီး တည်ဆဲအမိန့်များကိုပါ ကျော်လွန်ကာ အာဏာအလွဲသုံးလုပ်နေသည်ဟု မြို့လူထုက ပြောသည်။
ရပ်ကွက်ထောက်ခံစာတစ်စောင်လျင် လက်မှတ်ထိုးခ ကျပ် ၂ သောင်း ရယူနေသလို အများပိုင်လယ် ၃ ဧကကို မြေဖို့ပြီးအကွက်ရိုက်ကာ တစ်ကွက်လျင် ကျပ် သိန်းတစ်ထောင်ဖြင့် ရောင်းချခဲ့သည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။
“စစ်တပ်ကိုကြောက်ရတော့ သူ့ကိုလည်း မကြိုက်ပေမယ့် ငုံ့ခံနေကြရတယ်။ အထက်ဖားအောက်ဖိ လည်းလုပ်တဲ့အပြင် သေနတ်ဝယ်ကိုင်ပြီး ခါးချိတ်ထားတာ၊ မသိရင် ဗိုလ်မှူးလို၊ အခုအမှန်တွေဖော်ခံရတော့ ကြောက်ပြီး ပြည်သူ့စစ်တွေ လုံခြုံရေးခေါ်ထားရပြီ” ဟု မတ်လ၈ရက်တွင် ပြောသည်။
ထွေအုပ်မှ ထုတ်ထားသည့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ အရပ်ဘက်အရောင်း အဝယ်စာချုပ်များမှာ အသိသက်သေအဖြစ် ငွေယူလက်မှတ်မထိုးရန်အမိန့်ကိုလည်း လက်တစ်လုံးခြားလုပ်ကာ လက်ရှိအချိန်ကာလကို မရေးဘဲ ယခင် ၂၀၂၁ ခုနှစ် ရက်စွဲဖြင့် စာချုပ်တွင် လက်မှတ်ထိုးပေးခြင်း၊ အရောင်းအဝယ်စာချုပ်များကို ၁၀၀ လျင် ၄ ရာခိုင်နှုန်း၊ ကျပ်သိန်းတစ်ထောင်လျင် သိန်း ၄၀ ရယူခြင်း၊ တန်ဖိုး သူ့သဘောဖြင့်သတ်မှတ်ပြီး သူ့သဘောအတိုင်းမဟုတ်ပါက လက်မှတ်မထိုးပေးခြင်းတို့ လုပ်ဆောင်နေကြောင်း ဒေသခံများက ပြောသည်။
ယင်းအုပ်ချုပ်ရေးမှူးမှာ လုပ်ပိုင်ခွင့်များဖြင့် ရရှိလာသည့်ငွေများဖြင့် သုံးထပ်တိုက်ဆောက်ခြင်း၊ ငွေဦးအေးရိပ်မွန် တည်းခိုခန်းဆောက်လုပ်ဖွင့်လှစ် လုပ်ကိုင်လာခြင်းများ ပြုလုပ်လာနိုင်ခဲ့ပြီဟု မြို့လူထုက ပြောသည်။
တန့်ယန်းမြို့တွင် ရပ်ကွက် ၁၀ ရပ်ကွက်ရှိရာ အဆိုပါ စစ်ကောင်စီ ခန့် ရပ်ကွက် ၂ အုပ်ချုပ်ရေးမှူးမှာ ယခုခေတ်ကာလအတွင်း အချမ်းသာဆုံးဖြစ်လာနေကြောင်း မြို့လူထုကဆိုသည်။
မဟာ
#MeKongNews
#တန့်ယန်း
#အုပ်ချုပ်ရေးမှူး
#အလွဲသုံးစားလုပ်
#ငွေဦးအေးရိပ်မွန်








