မဲခေါင်၊ ဇန်နဝါရီ ၂၀
အရှုံးပေါ်ပြီး နည်းပညာလိုအပ်ချက်ကြောင့် ၂၀၁၇ ခုနှစ်၊ NLD အစိုးရလက်ထက်က ရပ်ဆိုင်းထားတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်က ပင်းပက်သံမဏိစက်ရုံကို ပြန်လည်ပတ်နိုင်ဖို့ စစ်ကောင်စီက ခြေလှမ်းပြင်နေပါတယ်။
မနေ့က(ဇန်နဝါရီ ၁၉) စစ်ကောင်စီရဲ့ စက်မူဝန်ကြီးဌာန ဒုဝန်ကြီး ဦးရင်မောင်ညွန့်က ပင်းပက်သံမဏိစက်ရုံရဲ့ စက်ရုံမှူး၊ စက်ရုံတည်ဆောက်ရေးစီမံကိန်းက တာဝန်ရှိသူတွေ၊ အလုပ်ရုံခွဲတွေက တာဝန်ခံတွေနဲ့ တွေ့ဆုံပြီး ၂၀၂၅ခုနှစ်၊ မတ်လမတိုင်ခင် လည်ပတ်နိုင်အောင် လုပ်ဆောင်ကြဖို့ပြောခဲ့တယ်လို့သိရပါတယ်။
ခေတ်အဆက်ဆက် အစိုးရတွေအနေနဲ့ အရှုံးပေါ်ပြီး နည်းပညာလိုအပ်ချက်ကြောင့် ရပ်နားခဲ့ရတဲ့ ပင်းပက်သံမဏိစက်ရုံကို စစ်ကောင်စီက ပြန်လည်လည်ပတ်မယ်ဆိုတာဟာ နိုင်ငံရေးအရ အသံကောင်းထွက်ပြခြင်းသာဖြစ်ပြီး လက်တွေ့မှာ မဖြစ်လာနိုင်ဘူးလို့ ရှမ်းပြည်အရေးတက်ကြွလှုပ်ရှားသူ တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီအနေနဲ့ စက်ရုံကို အမှန်တကယ်လည်ပတ်မယ်ဆိုရင် ဒေသခံပြည်သူတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းအာမခံချက်မရှိသလို စက်ရုံက ထွက်လာမယ့် အညစ်အကြေးတွေကို ဘယ်လိုစီမံခန့်ခွဲမယ်ဆိုတာမျိုးမရှိဘူးလို့ သူကပြောပါတယ်။
“စကစက သူတို့လက်ထက်မှာ လည်ပတ်နိုင်တယ်ဆိုပြီး နိုင်ငံရေးမဏ္ဍပ်တိုင်တက်ပြချင်တဲ့စိတ်နဲ့ အသံကောင်း ထုတ်နေတာပါ” လို့သူကပြောပါတယ်။
ဒေသခံတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းအတွက်အာမခံချက်မရှိသလို စက်ရုံကနေ ဖြစ်ပေါ်လာနိုင်တဲ့ ဆိုးကျိုး သက်ရောက်မူမရှိအောင် လုပ်ဆောင်မယ့်အစီအစဉ်၊ ဆိုးကျိုးသက်ရောက်ခဲ့ရင် ပြန်လည်ကုစားရမယ့် အစီအစဉ်တွေကို ထုတ်ပြန်ထားတာမျိုးမရှိပဲ EMP( ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ်)သာ ထုတ်ပြန်ထားတာတွေ့ရကြောင်းနဲ့ ပင်းပက်စက်ရုံဟာ EIA(သဘာဝပတ်ဝန်းဆိုးကျိုးသက်ရောက်မှုအပေါ်ဆန်းစစ်ချက်) နဲ့SIA (လူမှုဝန်းကျင်အပေါ်ဆိုးကျိုးသက်ရောက်မှု ဆန်းစစ်ချက်)ကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ရမဲ့ စီမံကိန်းတစ်ခုဖြစ်တယ်လို့ ပြောပါတယ်။
အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်)စီမံကိန်းကို ရုရှားဖက်ဒရေးရှင်း နိုင်ငံ Tyazhpromexport (TPE) နဲ့ မြန်မာစီးပွားရေးကော်ပိုရေးရှင်းတို့ ပူးပေါင်းကာ ၂၀၀၆ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်က စတင်အကောင် အထည်ဖော်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်မှာ စက်မှုဝန်ကြီးဌာနသို့ လွှဲပြောင်း၍ ဆက်လက် အကောင်အထည်ဖော်ခဲ့ကြောင်း၊ စီမံကိန်းတည်ဆောက်မှုလုပ်ငန်းကို ၂၀၁၇ ခုနှစ်၊ မတ် ၁၅ ရက်မှာ ယာယီရပ်ဆိုင်းခဲ့ရကြောင်း၊ ၂၀၂၁ ခုနှစ် အောက်တိုဘာ ၄ ရက်မှာ ပြန်လည်စတင်ခဲ့ခြင်းဖြစ် ကြောင်းသိရပါတယ်။
MK-017
#MeKongNews
#EIA
#SIA
#EPN
#တောင်ကြီး
#ပင်းပက်သံမဏိစက်ရုံ








