မဲခေါင်၊ ဇူလိုင် ၈
ရှမ်းမြောက်၊ ကျောက်မဲမြို့တွင်းမှာ အုပ်စုဖွဲ့ကာ အိမ်ဖောက်ထွင်းမှုနဲ့သောင်းကျန်းနေတဲ့ သူခိုးတွေနဲ့ မူးယစ်ဆေးရောင်းဝယ်သူတွေ၊ ဆေးစွဲနေသူတွေကို ဖမ်းဆီးနိုင်ဖို့ ကျောက်မဲမြို့ အဝင်/အထွက်တွေကို ၅ ရက်ခန့် ပိတ်မယ်လို့ TNLA ကပြောကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ယနေ့ ဇူလိုင်လ ၈ ရက်ကနေ စတင်ပြီး မြို့ဝင်/မြို့ထွက်တွေကို ပိတ်မှာဖြစ်ပြီး TNLA ရဲစခန်းမှူနဲ့ အနက်ရောင်ဝတ်စုံဝတ်ရဲတပ်ဖွဲ့က မနေ့က မြို့ခံတွေကို ပြောတယ်လို့ သိရပါတယ်။
“သူတို့ပြောတာက သူခိုးတွေ ၁၅ ယောက်လောက်ကိုလဲ မိထားတယ်၊ ဘိန်းရောင်းတဲ့အိမ်ကစောင့်ဖမ်းတာလဲ ဆေးသမားတွေ မိထားတယ်ပြောတယ်၊ အနည်းဆုံး ၅ ရက်လောက် မြို့အဝင်၊ အထွက်ပိတ်မယ်ပြောတယ်၊ အရေးကြီးသွားလာချင်ရင်တော့ အုပ်ချုပ်ရေးပိုင်းက ခွင့်ပြုချက်နဲ့သွားလာလို့ရတယ်လို့ပြောတယ်၊ တနေ့ကပဲ လက်နက်ကြီး စက်ကွင်းမလွတ်လို့ မြို့ထဲနေသူတွေကို ခဏရှောင်နေဖို့လဲပြောနေတာရှိတယ်”လို့ ချောင်းခြောက်ရွာမှာ စစ်ဘေးရှောင် နေသူ ၁ ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
ဇွန် ၂၅ ရက်က စခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ မှာ ကျောက်မဲမြို့ပေါ် ရပ်ကွက် ၉ ရပ်ကွက်က ပြည်သူတွေ အားလုံးနီးပါး နီးစပ်အဆင်ပြေရာတွေမှာ စစ်ဘေးရှောင်နေကြပေမယ့် အုပ်စုဖွဲ့သူခိုးတွေနဲ့ ဆေးစွဲသူတွေကတော့ မြို့ထဲမှာ ဆက်ရှိနေပြီး ဖောက်ထွင်းမှုတွေ ကျူးလွန်နေကြတာလို့ သိရပါတယ်။
အုပ်စုလိုက် အိမ်ဖောက်ထွင်းခိုးယူမှုတွေကို ဖြေရှင်းဖို့ TNLA က မြို့ကို ၅ ရက်တာ အဝင်/အထွက် ပိတ်ပြီး ဆောင်ရွက်ပြီး မူးယစ်ဆေးစွဲသမားတွေကိုလဲ ဆေးဖြတ်ဖို့၊ အစားထိုး မက်သဒုံးတိုက်ဖို့ စီစဉ်နေတယ်လို သိရပါတယ်။
မနေ့ ဇူလိုင် ၇ ရက် ညနေ ၆း၃၀ နာရီခန့်ကပင် ကျောက်မဲမြို့၊ ရပ်ကွက်-၉၊ တောင်နောက်၊ တိလင်နေရာတွေကို လေယာဉ်နဲ့ဗုံး ၅ လုံး တပြိုင်နက်ကြဲချသံကြားရလို့ စစ်ကောင်စီက စုပြုံဗုံး(Clusrer Bomb) အမျိုးအစားသုံးလာပြီထင်တယ်လို့ ကျောက်မဲမြို့ခံ ၁ ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
“လေယာဉ်က တစ်ခေါက်ပဲဝဲတာ၊ ဗုံးကျသံနဲ့ပေါက်ကွဲသံက တပြိုင်နက်နီးပါး ၅ ကြိမ်၊ ပြီးတော့ နေရာတွေဖြန့်ကျတာ၊ ပြီးတော့ အသံက တော်တော်ပြင်းထန်တာ၊ ကလပ်စတာဗုံးများ သုံးလာတာလား မသိဘူး”လို့ ပြောပါတယ်။
လက်ရှိမှာ မြို့ပေါ် ရပ်ကွက်တွေကို TNLA က ထိန်းချုပ်ထားသော်လည်း စကခ-၁၊ ခမရ-၅၀၁နဲ့ ၅၀၂ တပ်တွေကို တော့ တိုက်ခိုက်နေဆဲဖြစ်ကာ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတာတွေ ရှိနေလို့ ကျောက်မဲမြို့အရပ်သားပြည်သူ ၂ဝ ဦးကျော် သေကြေပျက်စီးခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။
MK-012








