မဲခေါင် မေ ၂၈
တောင်ကြီးမြို့၊ စဝ်စံထွန်းရပ်ကွက်မှာ လူငယ် ၆ ဦးကို စစ်ကောင်စီက မဲမနှိုက်ဘဲ အဓမ္မစစ်မှုထမ်း ခေါ်ယူခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ နယ်မြေ ၁၀ ရဲ့ နယ်မြေမှူး ဦးဖိုးဆန်းအပါအဝင် ရဲနဲ့ စစ်ကောင်စီတပ်သားတို့က လူအင်အား ၂၀၊ ကား ၃ စီးနဲ့ ရောက်လာပြီး မေလ ၂၄ ရက်နေ့ ည ၈ နာရီလောက်မှာ ဖမ်းဆီးရိုက်နှက်ခေါ်ဆောင် သွားတာလို့ ဆိုပါတယ်။
စစ်မှုထမ်းပါဝင်သွားသူရဲ့ မိတ်ဆွေတစ်ဦးက “လူကြီးတွေမရှိတုန်း အိမ်မှာ ဂိမ်းဆော့နေတာကို ကားနဲ့ဝင်လာပြီး အတင်းဆွဲခေါ်သွားတာ။ နောက်ဆုံးအနေနဲ့ သူ့အမေကန်တော့ချင်တယ်ပြောတာတောင် လက်မခံဘူး” လို့ ပြောပါတယ်။
စစ်မှုထမ်းရန် ဖမ်းဆီးခေါ်ယူခံရသူ ၇ ဦးလုံးကို ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာစုဝေးကာ လမ်းစရိတ်အဖြစ် အုပ်ချုပ်ရေးမှူးက တစ်ဦး ၅၀၀၀၀ ကျပ်စီ ပေးခဲ့ပြီး တစ်ဦးက ဆေးစစ်ချက်မအောင်တာကြောင့် အိမ်ပြန်ခိုင်းလိုက်တယ်လို့ သိရပါတယ်။
ပါဝင်သူ ၆ ဦးလုံးဟာ အသက် ၂၆ ဝန်းကျင်တွေ ဖြစ်တဲ့အပြင် ငွေကြေးမပြေလည်တာကြောင့် လူစားမထိုးနိုင်ဘဲ စစ်မှုထမ်းပါဝင်သွားတာလို့ နီးစပ်သူတွေက ပြောပါတယ်။
စဝ်စံထွန်းရပ်ကွက်အတွင်း နေထိုင်သူတစ်ဦးက “စစ်မှုထမ်းခေါ်တာက စဝ်စံထွန်းအများဆုံးဖြစ်မယ်။ အရင်တခါ ကလည်း ၃ ယောက်ခေါ်ပြီးပြီ။ ကြည့်ရတာ ဒီရပ်ကွက်က လက်လုပ်လက်စားများလို့ ခဏခဏ ခေါ်တာ ထင်တယ်” လို့ ပြောပါတယ်။
ဖေဖော်ဝါရီလ ၂ ရက်နေ့ စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက်ပိုင်း တောင်ကြီးမြို့ပေါ်ရပ်ကွက် ၂၀ ကျော်မှာ တစ်ရပ်ကွက် စစ်မှုထမ်း ၃ ဦး ခေါ်ယူခဲ့ပြီး စုစုပေါင်း ၆၀ ကျော် ရှိပြီလို့ ဆိုပါတယ်။
စစ်မှုထမ်းပါဝင်ကြသူတွေဟာ တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်းတွေဖြစ်တဲ့ တတက-၃ ကျိုင်းတောင်း နဲ့ တတက ၁၁ ကျိုင်းတုံတို့မှာ စစ်သင်တန်း တက်ရောက်နေကြပြီး မိသားစုဝင်တွေနဲ့ အဆက်သွယ် မရဘူးလို့ စုံစမ်းသိရပါတယ်။
MK-015








